Home
မြန်မာသတင်း
ဌာနဆိုင်ရာများ မသေချာမရေရာဘဲ ဘတ်ဂျက်တောင်းခံနေဟု ကယားလွှတ်တော်၌ အစီရင်ခံ
နော်နိုရင်း
·
June 10, 2020
ဌာနဆိုင်ရာတွေအနေနဲ့ ဘက်ဂျက်တောင်းခံရာမှာ စနစ်တကျ ကွင်းဆင်းတွက်ချက်ခဲ့တာ မရှိသလို လမ်း၊ တံတားတွေ တည်ဆောက်ရာမှာလည်း အလေအလွင့်များတာ၊ သတ်မှတ် စံညွှန်းအတိုင်းမလုပ်တာ တွေ့ရတယ်လို့ ကယားပြည်နယ်လွှတ်တော်  ပြည်သူ့ငွေစာရင်း ‌စောင့်ကြည့်စစ်ဆေးရေးကော်မတီက အစီရင်ခံ ပြောကြား လိုက်ပါတယ်။ ဇွန်လ ၁၀  ရက် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့ငွေစာရင်း ‌စောင့်ကြည့်စစ်ဆေးရေးကော်မတီရဲ့ ၄ နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို  ပြည်သူ့ငွေစာရင်းစောင်ကြည့်စစ်ဆေးရေးအဖွဲ့ဝင် ဖရူဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း(ခ)နော်အီးက ဖတ်ကြား ပြောဆိုခဲ့တာပါ။ ကယားပြည်နယ်မှာ ခင်းပြီးသားလမ်းတွေကို ပြန်လည်ဖောက်လုပ်တာ၊  လမ်းခင်းပြီး မကြာခင်မှာ လမ်းကိုဖောက်ပြီး Box Culvert ပြန်တည်ဆောက်တာ၊ ရေပိုက်သွယ်တာစတဲ့ လုပ်ငန်းတွေလုပ်တာဟာ နိုင်ငံတော် ဘတ်ဂျက်ကို နှစ်ကြိမ်ကုန်စေပြီး နိုင်ငံတော်ရဲ့ ပင်မရင်းနှီးမြှုပ်နှံမှုကို ကြီးစွာ ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် လမ်းတွေတည်ဆောက်တဲ့နေရာမှာ သတ်မှတ်ထု မပြည့်တာတွေ့ရှိရသလို တချို့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်း ဘတ်ဂျက်နှစ်ကာလအတွင်း ဆောင်ရွက်မပြီးတဲ့အပြင် ဘတ်ဂျက်နှစ်ကျော်လွန်ပြီး အချိန် ၈ လကျော်ကြာတဲ့အထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု မရှိသေးတာတွေ့ရှိရကြောင်းလည်း ပြောပါတယ်။ ဦးခင်မောင်ထွန်း(ခ)နော်အီးက “လုပ်ငန်းတစ်ခုဆောင်ရွက်မယ်ဆိုရင် မလုပ်ခင်မှာ ကွင်းဆင်းရမှာ၊ အတိုင်းအထွာသေချာမှသာလျှင် သူတို့တင်ပေးရမှာ။ ဒါပေမဲ့ ဒီဘတ်ဂျက်ပြီးခါနည်းမှ ဒီလမ်းလိုတယ်ဆိုပြီး ချက်ချင်းအတိုင်းအတာလည်း မမှန်တော့ဘူး။  ဒီလမ်းဘယ်နှစ်မိုင်ရှိလဲ။ ဘယ်နှစ်ပေရှိလဲဆိုတာ မသိတော့ တွက်ချက်မှုတအားလွဲသွားတယ်။ တချို့ကပိုတယ်။ တချို့က လိုတယ်ဖြစ်သွားတာ။ အကယ်၍သာ ကြိုတင်ပြင်ဆင်ရင် ဒီလောက်ထိ အလေအလွင့် မဖြစ်ဘူးပေါ့နော် ကျနော်တို့ ဘဏ္ဍာငွေက” လို့ ပြောပါတယ်။ ဒါ့အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဆောင်ရွက်နေတဲ့ တင်ဒါအောင် ကုမ္ပဏီ အရေအတွက်ဟာ များပြားပေမဲ့  အရည်အသွေးပြည့်မီတဲ့ ကုမ္ပဏီအရေအတွက် နည်းပါးနေတာ ကိုတွေ့ရှိရသလို ကုမ္ပဏီတခုထဲမှ အမည်ခွဲများစွာ လျှောက်ထားပြီး အလုပ်မနိုင်မနင်း လုပ်ဆောင်နေတာကို စိစစ်တွေ့ရှိရကြောင်းလည်း ဦးခင်မောင်ထွန်းက ပြောပါတယ်။ “အရည်အသွေးမရှိဘူးဆိုတာကလည်း အစိုးရနဲ့တော်တော်များများဆိုင်တယ်။ သူတို့မှာလည်း ကော်မီတီရှိတယ်လေ။ သူတို့က လုပ်ခါနီးမှာလည်း သွားမကြည့်ဘူး။ လုပ်ပြီးလည်းမကြည့်ဘူး။ အခုန ကျနော်ပြထားတဲ့ မော်ချီးတောင်ပေါ်လမ်းဆိုရင် ၁၅ လက်မတင်ထားတယ် ဘတ်ဂျက်က၊ လုပ်တော့ နှစ်လက်မ ရှိတာရှိတယ်။ ၃ လက်မ ရှိတာရှိတယ်။ ဆိုတော့ ဒါတအားကွာတယ်လေ။ ၃ လက်မဆိုရင် ၅ ဆတောင်ကွာတယ်လေ။ အဲဒါကျတော့ သူတို့ရဲ့ ကြပ်မတ်မှု အားနည်းနေတယ်လို့ပဲ ကျနော်ထင်ပါတယ်။ ” ကယားပြည်နယ်လွှတ်တော်  ပြည်သူ့ငွေစာရင်း  စောင့်ကြည့်စစ်ဆေးရေးကော်မတီအနေနဲ့ ၄ နှစ်တာအတွင်း အဆောက်အဦ ဆောက်လုပ်မှုလုပ်ငန်း ၈၆ ခု၊ လမ်းခင်းခြင်းလုပ်ငန်း ၉၉ ခု၊ မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်း ၂၄ ခု၊ တံတားတည်ဆောက်မှု ၂၅ ခု လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ၂ ခု၊ လျှပ်စစ်မီးတိုင်စိုက်ထူခြင်းလုပ်ငန်း ၂ ခု၊ ဆည်တည်ဆောက်ခြင်းလုပ်ငန်း ၂ ခုနဲ့ ရေရရှိရေးအကောင်အထည်ဖော်မှုလုပ်ငန်း ၁ ခုတို့ကို စိစစ်‌ဆောက်ရွက်ခဲ့တယ်လို့  အစီရင်ခံစာမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024