ကချင်ပါတီသစ်တရပ် ထူထောင်မည်ဟုဆို
DVB
·
May 13, 2013
၂၀၁၀ ရွေးကောက်ပွဲအကြိုကာလက ပါတီထူထောင်ခွင့် မရရှိခဲ့တဲ့ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးပါတီက ခေါင်းဆောင်တွေက ၂၀၁၅ အတွက် ဒီနှစ်အတွင်း ပါတီတခု ထူထောင်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ကချင်ပြည်နယ် တိုးတက်ရေးပါတီ (ကေအက်စ်ပီပီ) ခေါင်းဆောင် ဒေါက်တာတူးဂျာက သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပါတီတခုမားမားမတ်မတ် ပေါ်ထွက်လာအောင် ထူထောင်ဖို့ တိုင်ပင်နေကြတယ်လို့ ပြောပါတယ်။
[caption id="attachment_36497" align="alignleft" width="300" caption="ဒေါက်တာတူးဂျာ"][/caption]
ပါတီမူဝါဒတွေအနေနဲ့ကတော့ နဂိုကိုင်စွဲထားတဲ့ မူဝါဒတွေဖြစ်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပါတီစုံစနစ်မှာ တခြားပါတီတွေနဲ့ သဟဇာတဖြစ်ရေးကို အလေးထားဆောင်ရွက်မှာဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လုပ်ဆောင်သွားမယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။
ဒေါက်တာတူးဂျာဟာ သမ္မတဦးသိန်းစိန် အစိုးရ မပေါ်ပေါက်ခင်နဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)ရဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်ပြီး ပါတီထူထောင်ဖို့အတွက် ကေအိုင်အိုကနေ နုတ်ထွက်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဖြစ်ချိန်ဟာ ကေအိုင်အိုက အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးစီမံချက်ကို လက်မခံဘဲ ပယ်ချခဲ့လို့ နှစ်ဘက်တင်းမာနေချိန်ဖြစ်သလို ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ဒေါက်တာတူးဂျာကို ကေအိုင်အိုနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ပါတီထောင်ခွင့် မပေးခဲ့တာလို့ ဆိုပါတယ်။
“သူတို့အကြောင်းပြချက်က ကေအိုင်အိုက အသွင်ကူးပြောင်းရေး လက်မခံဘူး။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ဆို လက်မခံဘူးပေါ့။ တချို့လည်း ဟိုကပြောင်းလာတာဖြစ်တယ်။ သူတို့က အကြောင်းပြတာပေါ့။ ကျနော်တို့က ဖြတ်ပြီဆိုရင် အပြီးအပိုင်ဖြတ်လိုက်တာပဲ။ ပါတီဖွဲ့တယ်ဆိုတာလည်း ပါတီရဲ့ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းအတိုင်းပဲ၊ နည်းဥပဒေအတိုင်းလုပ်တာပဲ။ ဘာမှပတ်သက်တာတော့ မရှိဘူး။ ဒါပေမယ့် သူတို့က ဒါကိုပဲအကြောင်းပြပြီး ကေအိုင်အိုက အသွင်မကူးပြောင်းရင် ကေအက်စ်ပီပီကို မှတ်ပုံတင်မပေးနိုင်ဘူးဆိုပြီး တစ်ထားလိုက်တာ။”
ကနဦးပိုင်းက ပါတီထောင်ခွင့် ပယ်ချစဉ်က ကေအိုင်အိုနဲ့ အစိုးရအကြား တင်းမာနေချိန်ဖြစ်ပြီး အခုအချိန်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နဲ့ ကေအိုင်အိုအကြား ဆွေးနွေးပွဲတွေ လုပ်ဆောင်နေတဲ့ကာလ ဖြစ်ပါတယ်။
ဒေါက်တာတူးဂျာက သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ကေအက်စ်ပီပီ၊ မူလပါတီနာမည်နဲ့ပဲ ဖြစ်ဖြစ်ဖြစ် ပါတီနာမည်အသစ်နဲ့ပဲဖြစ်ဖြစ် ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။