ပုသိမ်မြို့က ကိုဗစ်-၁၉ လူနာအမှတ် ၂၀၇ ကို ပထမအကြိမ်စစ်ဆေးရာ ရောဂါပိုးမတွေ့
DVB
·
June 10, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ကိုဗစ်-၁၉ လူနာအမှတ် ၂၀၇ ကို ဇွန် ၈ ရက်နေ့က ပထမအကြိမ် ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာမှာ ရောဂါပိုးမတွေ့ဘူးလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်။
“ပထမအကြိမ်စစ်တာတော့ ပိုးမတွေ့ဘူး အဖြေထွက်တယ်။ လူနာကတော့ ကျန်းမာရေးကောင်းတယ်၊ ဖျားတာနာတာ မရှိဘူး၊ ဒုတိယအကြိမ်တော့ ထပ်စစ်သွားဦးမယ်” လို့ ပြောပါတယ်။
ဒုတိယအကြိမ်အဖြစ် ဇွန် ၁ဝ ရက်နေ့မှာ ထပ်မံစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လူနာအမှတ် ၂၀၇ ဟာ မလေးရှားနိုင်ငံက ပြန်လာသူဖြစ်ပြီး မေ ၂၉ ရက်နေ့က ရောဂါစတင်တွေ့ရှိခဲ့သူဖြစ်ပါတယ်။
မလေးရှားနိုင်ငံက ပြန်လာသူတွေထဲမှာ ဧရာဝတီတိုင်းက ရောဂါပိုးတွေ့ရှိခဲ့သူ ၂ ဦးရှိခဲ့ပြီး လူနာအမှတ် ၁၉၁ ကတော့ ဓာတ်ခွဲစစ်ဆေးအဖြေ ၂ ကြိမ်လုံး ရောဂါပိုး မတွေ့ရှိတော့လို့ ဇွန် ၈ ရက်က ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ဇွန်လ ပထမပတ်အထိ ဧရာဝတီတိုင်းကို တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံက ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၈၀၀ ကျော်ရှိပြီး ပုသိမ်နဲ့ မအူပင်မြို့နယ်ရှိ quarantine စင်တာတွေမှာ ၂၁ ရက် စောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မင်းထက်မုန်း(ပုသိမ်)