Spider-Man: Into The Spider-Verse နောက်ဆက်တွဲ ရုပ်ရှင်ရိုက်ကူးရေး စတင် (ရုပ်သံ)

နာမည်ကြီး စွန့်စားမှု အက်ရှင်အသားပေး Animated 3D စူပါဟီးရိုးရုပ်ရှင်ကား တကားဖြစ်တဲ့ Spider Man : Into The Spider Verse ရဲ့ နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူး ရေးလုပ်ငန်းတွေကို ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။ လတ်တလော ကမ္ဘာနိုင်ငံတွေအနှံ့ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အန္တရာယ်ကြောင့်မို့ ဒီကားရဲ့ ရိုက်ကူးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ရတာဖြစ်ပြီး ခုလတ်တလောမှာမှ ပြန်လည်စတင်နိုင်ခဲ့တာလို့ ဒီဂျစ်တယ်စပိုင်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spider Man : Into The Spider Verse ရုပ်ရှင်ကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတွေဖြစ်ကြတဲ့ Columbia Pictures နဲ့ Sony Pictures တို့က Marvel နဲ့ ပူးပေါင်းစီစဉ်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာတွေ ဖြစ်ကြတဲ့ Bob Persichetti, Peter Ramsey နဲ့ Rodney Rothman တို့ ပူးပေါင်း ရိုက်ကူးထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အမေရိကန်နိုင်ငံ၊ ဘရွတ်ကလင်းက အထက်တန်းကျောင်းသား Miles Morales တယောက် စူပါဟီးရိုး Spider-Man ဘယ်လိုဖြစ်သွားခဲ့သလဲ။ Spider-Man ရဲ့ အရင်ပုံစံတွေနဲ့မတူတဲ့ စွန့်စားခန်းတွေ၊ အထူးပြုလုပ်ချက်တွေနဲ့ ပရိသတ်တွေ ရှုစားခဲ့ကြရတာပါ။  Spider Verse ထဲမှာတော့ စူပါဟီးရိုး Spider-Man တယောက်တည်းမဟုတ်ဘဲ Spider Girl ဇာတ်ကောင် Spider-Gwen လို၊ Prowler လို စူပါဗီလိန် ဇာတ်ကောင်တွေနဲ့ ပုံဖော်ဖန်တီး တင်ဆက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ် နာမည်ကြီးသရုပ်ဆောင်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပြီး Miles Morales နေရာမှာ အမေရိကန် ရက်ပ်ပါ သရုပ်ဆောင်မင်းသား Shameik Moore, Spider-Gwen နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသမီး Hailee Steinfeld တို့နဲ့အတူ Mahershala Ali, Jake Johnson စတဲ့ သရုပ်ဆောင်တွေက အသံနဲ့ အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၉၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 8.7 ထိ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ Box Office မှာတော့ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၇၅ ဒသမ ၅ သန်း ရရှိခဲ့ပြီး စံချိန်တင်နိုင်ခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ အော်စကာဆုနဲ့ ရွှေကမ္ဘာလုံးဆုအပါအဝင် ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားခဲ့တာ ဖြစ်ပါတယ်။ အခုထပ်မံရိုက်ကူးတဲ့ နောက်ဆက်တွဲရုပ်ရှင်ကို အစပိုင်းတုန်းကတော့ လာမယ့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ရုံတင်ပြသနိုင်မယ်လို့ ကနဦးကြော်ငြာခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် အောက်တိုဘာလမှာမှ ရုံတင်ပြသနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အဲန်နီမေးရှင်းအထူးပြုချက် ဦးဆောင်သူတယောက်ဖြစ်တဲ့ နစ်ခ်ကွန်ဒိုက ဇွန်လ ၈ ရက်နေ့က လုပ်ငန်းအစ ပထမနေ့ဆိုပြီး ရုပ်သံအတိုလေးတခုကို သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေပြီး အသိပေးထားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up