ပုဏ္ဏားကျွန်းကိုသွားသည့် စစ်ရေယာဉ်ကို အေအေအဖွဲ့က အာပီဂျီဖြင့် ပစ်ခတ်တိုက်ခိုက်
အောင်သူ
·
June 10, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်းကို သွားနေတဲ့ တပ်မတော် စစ်ရေယာဉ်တချို့ကို အေအေအဖွဲ့က ဒီကနေ့ ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၁၅ မိနစ်ဝန်းကျင်လောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
အေအေတပ်ဖွဲ့ဝင်တွေက ပုဏ္ဏားကျွန်းကို သွားနေတဲ့ စစ်ရေယာဉ်တွေကို အာပီဂျီ ၆ လုံး၊ ၄၀-မမ အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပြီး တပ်မတော်သားတချို့ ထိခိုက်မှုရှိခဲ့သလို စစ်ရေယာဉ်လည်း ထိခိုက်မှုရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
အေအေအဖွဲ့အနေနဲ့ တပ်မတော်ရေယာဉ်တွေ လာပါက ငါးဖမ်းပိုက်တွေကို အရပ်သား အယောင်ဆောင်ပြီး ချထားလေ့ရှိသလို သင်္ဘောကမ်းကပ်လာတဲ့အခါမှာ အခုလို တိုက်ခိုက်မှုမျိုးတွေ လုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
တပ်မတော်ဘက်က ပြန်လည်ပစ်ခတ်တဲ့အခါမှာတော့ အရပ်သား သေဆုံးတယ်ဆိုပြီး အေအေဘက်က ထုတ်ပြန်ပြောဆိုလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
အစိုးရက အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့အတွက် အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အေအေဘက်ကို ဆက်သွယ်မေးမြန်းဖို့ရာမှာ ဥပဒေပိုင်းဆိုင်ရာ အကန့်အသတ်တွေ ရှိနေပါတယ်။