Home
မြန်မာသတင်း
သရက်မြို့ရှိ ကိုဗစ်-၁၉ လူနာအမှတ် ၂၄၂ နှင့် ထိတွေ့သူများကို Quarantine ထားရှိ 
DVB
·
June 10, 2020
မကွေးတိုင်း၊ သရက်မြို့မှာ ကိုဗစ်-၁၉ လူနာအမှတ် ၂၄၂ အသက် ၃၆ နှစ်အရွယ် ကွမ်းအုံရွာက အမျိုးသမီးနဲ့ထိစပ်သူ ၂၅ ဦးကို စုံစမ်းဖော်ထုတ်ပြီး နှာခေါင်း၊ အာခေါင်၊ တို့ဖတ်ရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)ကို ပေးပို့ထားသလို ၂၁ ရက် အသွားအလာ ကန့်သတ်ထားရှိပါတယ်။  ဒါ့အပြင် အဆိုပါလူနာနဲ့ ထိစပ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ၉ ဦးကိုလည်း သရက်ခရိုင်ဆေးရုံကြီးမှာဘဲ hospital quarantine သီးသန့်ထားရှိပါတယ်။ ဒေသခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က “ဒီအမျိုးသမီးနဲ့ ဆက်စပ်မှုရှာတာ ဆွေမျိုး ၈ ဦးနဲ့ တာဝန်ကျတဲ့ ထွေ/အုပ် က ၄ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ပရဟိတယာဉ်မောင်း ၁ ဦး တို့ကို တွေ့ရှိခဲ့လို့ ဆေးစစ်ချက်ရယူပြီး facility quarantine ထားထားပါတယ်။ ဆက်စပ် ၂၅ ဦးပါ။ ရောဂါကာကွယ်နိုင်ရေး ထိန်းချုပ်နိုင်ရေး အတွက် ခရိုင်ဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ထွေအုပ်၊ပရဟိတတွေနဲ့ ပူးပေါင်းပြီးမြို့ အတွက်ဝိုင်းဝန်းကြိုးစားပေးနေပါတယ်”လို့ ပြောပါတယ်။ လူနာအမှတ်စဉ် ၂၄၂ နဲ့ထိတွေ့ဆက်စပ်သူ ၂၅ ဦး အပြင်  ထိုင်းနိုင်ငံက ပြန်လာသူ ၉ ဦး စုစုပေါင်း ၃၄ ဦးတို့ရဲ့ နှာခေါင်နဲ့ အာခေါင်တို့ဖတ်ရယူပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ဓာတ်ခွဲစစ်ဆေးဖို့ဇွန် ၈ ရက်နေ့ကပေးပို့ထားတယ်လို့ သိရပါတယ်။ သရက်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင် က “positive ထွက်သွားတဲ့ လူနာနဲ့ ဆက်စပ်နေတဲ့လူတွေကို ၂ ကြိမ် စစ်ဆေးတာက ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်နဲ့ စစ်တာဖြစ်ပါတယ်။ ပြည်ပက ပြန်လာတဲ့သူတွေကို ပထမအကြိမ် စစ်ဆေးပါတယ်။ negative ထွက်တဲ့သူတွေကို သတ်မှတ်ထားတဲ့ ၂၁ ရက်ပြည့်ခါနီး ၃ ရက်ကနေ ၅ ရက်အလိုမှာ ဒုတိယ အကြိမ်ထပ်မံစစ်ဆေးပြီး အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာန ကို ပေးပို့စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဒါကတော့ ဘေးအန္တရာယ်ကင်း ရှင်းအောင် လမ်းညွှန်ချက်တွေအတိုင်း စစ်ဆေးတာဖြစ်ပါတယ်”လို့ ဆိုပါတယ်။ သရက်မြို့မှာ ထိုင်းနိုင်ငံက ပြန်လည် ဝင်ရောက်လာသူတွေကို နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာဖွင့်လှစ်ထားတဲ့ facility quarantine စင်တာမှာ အသွားအလာကန့်သတ် ထားရှိတာဖြစ်ပါတယ်။ သရက်ခရိုင်ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းတွေအတွက် AY ဆီဆိုင်ပိုင်ရှင်က ငွေကျပ်သိန်း ၄၀ မတည်ကာ ကျန်အလှူရှင်တွေ ထည့်ဝင်ငွေတွေနဲ့ သိန်း ၁၀၀ တန် portable X-ray ရွေ့လျား ဓာတ်မှန်စက်ဝယ်ယူဖို့ရှိနေပါတယ်။ ဒီအတွက် လိုအပ်နေတဲ့ငွေသိန်း ၃၀ ကျပ်ကို PTTEP Sa ရေနံကုမ္ပဏီက မနေ့က လာရောက်လှူဒါန်းခဲ့ပါတယ်။ သတင်း -ဘဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024