ကိုဗစ်ကပ်ဘေးကာလ ကလေးမြို့တွင် ယာဉ်မတော်တဆမှု လျော့ကျ
DVB
·
June 10, 2020
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ၂၀၂၀ ပြည့်နှစ်ပထမ ၆ လ စာရင်းအရ ယာဉ်မတော်တဆမှု မနှစ်ကထက် လျော့ကျခဲ့ကြောင်း ကလေးမြို့ ယာဉ်ထိန်းရဲ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၀ ပြည့်နှစ် ပထမ ၆ လအတွင်း ယာဉ်တိုက်မှု ၃၀ ရှိခဲ့ပြီး သေဆုံးသူ ၆ ဦးရှိခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်မှာတော့ ယာဉ်တိုက်မှု အကြိမ်ရေ ၁၁၀ ထိ ရှိခဲ့ကာ သေဆုံးသူ ၅၅ ဦး ရှိခဲ့တယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကတော့ ၂၀၁၉ ခုနှစ်မှာ အမှုပေါင်း ၁၁၀ အနက် ၁၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပထမ ၆ လပိုင်းအထိ အမှု ၃၀ မှာ ဒဏ်ရာရသူ ၄၂ ဦးအထိ ရှိနေတာကို တွေ့ရပါတယ်။
ယာဉ်တိုက်မှုတွေမှာ အများအားဖြင့် သောက်စားမူးယစ် မောင်းနှင်ပြီး တိုက်မှု ပိုအဖြစ်များတယ်။
အခုနှစ်အတွင်း ကိုဗစ်ကပ်ဘေးကာလ ကလေးမြို့မှာ ပြည်သူတွေနေအိမ်မှာနေနေကြပြီး ညမထွက်ရအမိန့်ထုတ်ထားသလို စားသောက်ဆိုင်တွေပိတ်ခဲ့တာကြောင့် ယာဉ်တိုက်မှု နည်းသွားတာ ဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
ကလေးမြို့မှာ ကိုဗစ်ကပ်ဘေး မတိုင်ခင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တင်းကြပ် စစ်ဆေးတာတွေ လုပ်ခဲ့ပေမဲ့ လိုက်နာမှုအားနည်းတာကိုလည်းတွေ့ရပါတယ်။
သတင်း- မင်းရဲစစ်နိုင်