လေဖိအားနည်းရပ်ဝန်း ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်
DVB
·
June 10, 2020
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပါတယ်။
ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
မြန်မာ့ပင်လယ်ပြင် အခြေအနေကတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။
လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၀ ပေလောက်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၅ ပေမှ ၈ ပေလောက်ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေ ထစ်ချုန်းမယ့် အခြေအနေတွေ ဆက်ဖြစ်နေမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်နဲ့ အနီးတဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်၊ ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမယ်၊ မန္တလေးမြို့နဲ့ အနီးတဝိုက် နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။