Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲဝင်ရန် ရှမ်းပါတီကြီး ၂ ခုပြင်ဆင်   
နန်းမြနဒီ
·
June 9, 2020
လာမယ့် ၂၀၂၀ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းပါတီကြီး ၂ ခုဖြစ်တဲ့  SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)နဲ့  SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)တို့  ၂ ခုလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပါတယ်။  SNLD ပါတီအနေနဲ့  ဘယ်လိုအခြေအနေမှာဖြစ်စေ လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင် အရွေးခံသွားမှာဖြစ်ကြောင်းနဲ့ အနိုင်ရထားခဲ့တဲ့ မဲဆန္ဒနယ်တွေမှာထပ်မံ အနိုင်ရဖို့ ကြိုးပမ်းသွားမယ်လို့  ပါတီဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က ဒီဗွီဘီကို ပြောပါတယ်။  “၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားကြီးတဲ့၊ ငွေကြေးတောင့်တင်းတဲ့ ပါတီတွေပါ ဝင်ပြိုင်ကြမှာ ဆိုတော့ အပြင်းအထန်ယှဉ်ပြိုင်ရလိမ့်မယ်။ စိတ်ပါပါမပါ ပြိုင်ရမယ်။ ကျနော်တို့ပါတီမှာ ငွေရေး ကြေးရေးအခက်အခဲရှိပေမဲ့ တတ်နိုင်သလောက်ကြိုးစားမယ်။ အရင်ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့  ၄၇ နေရာတွေကို ပြန်ရအောင်ကြိုးစားမှာဖြစ်သလို တခြားနေရာတွေပါ ထပ်ပြီး အနိုင်ရ ဖို့ ကြိုးစားမယ်။” ဒါပေမဲ့ ပါတီကိုမထောက်ခံတဲ့နယ်မြေတွေမှာတော့ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ရွေးချယ်ခံမှာ မဟုတ်ကြောင်းနဲ့  လက်ရှိအချိန်မှာတော့  ပါတီ စည်းရုံးရေးတွေ မဆင်းနိုင်သေးဘူး လို့လည်း ပြောပါတယ်။  SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) ကို ၁၉၈၈ ခုနှစ်မှာ ထူထောင်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဖြစ်ပါတယ်။ ပါတီရဲ့ နိုင်ငံရေးမူဝါဒမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ် တနည်းအားဖြင့် တန်းတူရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိ ရေးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ  ပါတီပြီးရင် ဒုတိယ အမတ်အ များဆုံးရခဲ့ပါတယ်။  ၂၀၀၅ ခုနှစ်မှာ ပါတီခေါင်းဆောင်တွေ ဖမ်းဆီးထောင်ချခံရပြီး  ၂၀၁၂ မှာ ပြန်လွတ်လာကာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာ စုစုပေါင်း ၄၇ နေရာ အနိုင်ရခဲ့ပါတယ်။  အလားတူကျားဖြူပါတီ SNDP အနေနဲ့လည်း ၂၀၂၀  ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပါတီအစည်းအဝေးတွေ မကျင်းပနိုင်သေးကြောင်း၊ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေကိုတော့လျာထားတာရှိကြောင်း  ပါတီပြောခွင့်ရသူ  စိုင်းဘိုးအောင် က ဒီဗွီဘီကို ပြောပါတယ်။  “လောလောဆယ်တော့ ကိုဗစ်-၁၉ ကြောင့် စီအီးစီအစည်းအဝေးကော၊ ပါတီဝင်အစည်းအဝေး တွေပါ မလုပ်နိုင်သေးပါဘူး။  ရွေးကောက်ပွဲတော့ ဝင်မှာပါ၊ ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်က မြို့နယ်ပေါင်း ၃၀ ကျော်မှာ ဝင်ပြိုင်မယ်။ ကိုယ်စားလှယ်လောင်းတွေလည်း လျာထားတယ်။ အတည်မပြုသေးပါဘူး လျာထားဆဲပါ။ ပါတီလှုပ်ရှားမှုတွေကို ဇွန် ၁၅ ရက်နောက်ပိုင်း ခရီးသွားလို့ရတဲ့အချိန်မှ စတင်နိုင်မယ်”  ရှမ်းပါတီတွေကွဲပြားနေလို့ ရှမ်းပြည်သူတွေက ဘယ်ပါတီမှ မဲမထည့်တော့တာတွေ ရှိခဲ့တာကြောင့် ပြည်သူ့ဆန္ဒမဲတွေ ဆုံးရှုံးခဲ့ရကြောင်း၊ ဒီတစ်ခေါက်မှာတော့ ရှမ်းပါတီတွေကို အားပေးစေလိုကြောင်း စိုင်းဘိုးအောင်က ပြောပါတယ်။  SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ကို ၂၀၁၀ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး ပါတီဥက္ကဋ္ဌမှာ ဦးစိုင်းအိုက်ပေါင်း ဖြစ်ပါတယ်။ ပါတီရဲ့နိုင်ငံရေးမူဝါဒမှာ ဖက်ဒရယ် ဒီမိုကရေစီနဲ့ တိုင်းရင်းသားများတန်းတူရေး ၁၄  ယူနစ် စနစ်ကိုထောက်ခံပြီး  ၂၀၁၀ ရွေးကောက်ပွဲမှာ  နေရာတော်တော်များမှာ အနိုင်ရခဲ့ပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရှမ်းပြည်နယ်လွှတ်တော်အမတ်နေရာ ၁ နေရာ အနိုင်ရခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024