ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၄၅၇၂၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှာ ကျပ်သိန်းပေါင်း ၂ သိန်းခွဲလောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးအလွဲသုံးမှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ ဇွန် ၇ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-လွိုင်မွေ-ဝမ်လုံးရွာလမ်းဆုံ မြို့ရှောင်လမ်းမှာ စိုင်းမန် မောင်းနှင်ပြီး စိုင်းကျောက် လိုက်ပါလာတဲ့ Vigo အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးနေတုန်း နောက်က လိုက်ပါလာတဲ့ Vigo အမျိုးအစား မော်တော်ယာဉ် ၂ စီးဟာ နောက်ပြန်လှည့်ပြေးသွားတယ်လို့ ဆိုပါတယ်။ လိုက်လံတားဆီးရာမှာတော့ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်မိုင်ရွာနားမှာ ကားပေါ်မှာ လူတွေမရှိဘဲ ရပ်တန့်ထားခဲ့တဲ့ ကားတစီးနဲ့ စိုင်းအွန်မောင်းနှင်ပြီး စိုင်းဟောင်နဲ့ အိုက်ရီလုံတို့လိုက်ပါလာတဲ့ ကားကို တားဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ ကား ၃ စီးကို စစ်ဆေးရာမှာ ICE အလေးချိန် ၉၈ဝ.၉၈ ကီလို၊ ဘိန်းဖြူ ၃ ကီလိုနဲ့ စကားပြောစက် ၂ လုံးတို့ကို သိမ်းဆည်းမိခဲ့ပါတယ်။ သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား တယ်လို့ ဗဟိုကော်မတီထုတ်ပြန်ချက်အရ သိရပါတယ်။  ဓာတ်ပုံ-CCDAC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up