ရခိုင်ပြည်နယ်က မလေးရှားပြန် ကိုဗစ်-၁၉ လူနာ ၂ ဦး Positive ပြန်ပြ
DVB
·
June 9, 2020
ရခိုင်ပြည်နယ်က ကိုဗစ်-၁၉ လူနာတွေဖြစ်တဲ့ သံတွဲမြို့နယ်က လူနာ ၁ ဦးနဲ့ တောင်ကုတ်မြို့နယ်က လူနာ ၁ ဦးတို့ကို တတိယအကြိမ် စစ်ဆေးခဲ့ရာမှာ ရောဂါပိုး ပြန် တွေ့ရတုန်းပဲလို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မလေးရှားနိုင်ငံမှ မေလ ၁၁ ရက်က ပြန်လာသူတွေထဲမှာ ရခိုင်ပြည်နယ်မှ ၉၇ ဦးပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ရှိမရှိစစ်ဆေးရာမှာ သံတွဲမြို့နယ်က ၁ ဦးနဲ့ တောင်ကုတ်မြို့နယ်က ၁ ဦးတို့မှာ ရောဂါပိုး တွေ့ရှိခဲ့တာပါ။
ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “သူတို့ကို တတိယ တစ်ကြိမ်စစ်တော့ သူတို့ နှစ်ယောက်စလုံးမှာ (Positive) ပြန်တွေ့တာပေါ့။ ဒုတိယအကြိမ်တုန်းကတော့ (Negative) ပေါ့၊ တတိယတစ်ကြိမ်စစ်တုန်းကတော့ သံတွဲကကျတော့ နည်းနည်းစောတယ်(၄/၅)ရက်လောက် ရှိပြီ၊ တောင်ကုတ်က ကျတော့ ၂ ရက်လောက်ပဲရှိဦးမှာပေါ့။ လူနာအခြေအနေတွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သံတွဲကလူနာကကျတော့ ဓာတ်လည်း နည်းနည်းချို့တဲ့နေတဲ့သဘောပေါ့၊ ပိုတယ်စီယမ်ဓာတ်လည်း နည်းနည်းအားနည်းနေတာ တွေ့ရတယ်။ သူတို့ကိုတော့ သံတွဲဆေးရုံရယ်၊ တောင်ကုတ်ဆေးရုံမှာထားတယ်။”လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဇွန်လ ၉ ရက်အထိ မလေးရှားနိုင်ငံကပြန်လာသူ ၂ ဦးနဲ့ ဘင်္ဂလားဒေ့နိုင်ငံ ဒုက္ခသည်စခန်းမှ တရားမဝင် ဝင်ရောက်လာသူ ၂ ဦး စုစုပေါင်း ၄ ဦး တို့မှာလည်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရပါတယ်။
သတင်း- နောင်နောင်