ပုဂံရှေးဟောင်းဒေသရှိ လောကထိပ်ပန်ဘုရားရှေ့ တံခါးအကာအရံ မီးရှို့ခံရ
DVB
·
June 9, 2020
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၊ တောင်ဖီကျေးရွာအုပ်စု၊ ရွှေစံတော်ဘုရားမြောက်ဘက် လောကထိပ်ပန် (ဘုရားအမှတ် ၁၅၈၀) စေတီတစ်ဆူမှာ တံခါးအဖြစ် ကာရံထားတဲ့ ယင်းလိပ် ဒီကနေ့ မနက်ပိုင်းက မီးရှို့ခံခဲ့ရတယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန ပုဂံဌာနခွဲက သိရပါတယ်။
ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က “လောကထိပ်ပန်ပေါ့၊ ပုဂံရဲ့နံရံပန်းချီရှိတဲ့ ဘုရားပေါင်း ၄၆၂ ဆူထဲက နံရံပန်းချီ အရမ်းကောင်းတဲ့ စေတီတစ်ဆူဖြစ်တယ်။ ပုဂံခေတ်ဦးပိုင်း လက်ရာထဲပါတဲ့ ဘုရား မြောက်ဘက်ကို မုခ်လှည့်ထားတာ၊ သံပန်းတံခါးတပ်ထားတယ်။ အဲဒီကနေတဆင့် ဝါးယင်းလိပ်ပေါ့၊ အထဲမှာရှိတဲ့ နံရံပန်းချီကို ထိခိုက်မှုမရှိအောင် ထပ်ကာထားတာ၊ တိရိစ္ဆာန် လင်းနို့လိုမျိုးတွေဖြစ်ဖြစ် ခိုကပ်ပြီး ရှားပါးနံရံပန်းချီတွေ ပျက်မှာစိုးလို့ ကာထားတာ၊ အရှေ့ဘက်က ကာထားတဲ့ ယင်းလိပ်ကို မီးရှို့ခံရတာ” ပြောပါတယ်။
မီးလောင်မှုကြောင့် ဘုရားအရှေ့ဘက်မှာ သံပန်းပေါ်မှာ ကာထားတဲ့ ဝါးယင်းလိပ်မှာ အမြင့် ၂ပေ အလျား ၄ လက်မခန့် ပျက်စီးခဲ့တယ်လို့သိရပါတယ်။
ပုဂံမှာ မနေ့ကလည်း စေတီ ၅ ဆူ ဌာပနာကွမ်းတောင်တွေ ဖောက်ထွင်းထားခံရပြီး ဒီကနေ့မှာ မီးရှို့မှု ဖြစ်ခဲ့တာပါ။
သတင်း- ကိုလင်း(ချောက်)