Homeမြန်မာသတင်း
မူဆယ်မြို့က ကိုဗစ်-၁၉ လူနာ ကျေးလက်ကျန်းမာရေးဌာနမှူးနှင့် ထိတွေ့ခဲ့သူ ၁၈၀ ကျော်တွင် ပိုးမတွေ့
မူဆယ်မြို့က ကိုဗစ်-၁၉ လူနာ ကျေးလက်ကျန်းမာရေးဌာနမှူးနှင့် ထိတွေ့ခဲ့သူ ၁၈၀ ကျော်တွင် ပိုးမတွေ့
ညီငယ်
·
June 9, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၂၃၁ ဖြစ်တဲ့ မူဆယ်မြို့က မုံးပေါ်ကျေးလက်ကျန်းမာရေး ဌာနမှူးနဲ့ ထိတွေ့ခဲ့သူတွေဟာ ၁၈၃ ယောက်ရှိပြီး သူတို့ကို ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ အားလုံးမှာ ပိုးမတွေ့ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ စီမံ၊ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
“၂ ရက်ခွဲပြီး အဖြေထွက်တယ်။ ၁၈၃ယောက်လုံး Negativeပါ” လို့ ဝန်ကြီးကပြောပါတယ်။
ဓာတ်ခွဲနမူနာယူတဲ့အချိန်အထိ ရောဂါလက္ခဏာမပြသေးတဲ့ ကျန်းမာရေးမှူးအမျိုးသမီးဟာ တာဝန်ကျရာ မုံးပေါ်ကျေးရွာမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပြီး လူနာ ၃ ဦးကို ဆေးကုသပေးရာမှာ ဒီ ၃ ဦးထဲက တရုတ်နိုင်ငံ ရွှေလီပြန် Home Quarantine ဝင် လူနာတစ်ဦး ပါဝင်ခဲ့ကြောင်း၊ မေလအတွင်းနဲ့ ရောဂါပိုးတွေ့ရှိချိန် ဇွန်လဆန်းတို့မှာ မိုးရာသီ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး လိုက်ခပ်ပေးခဲ့တာတွေ၊ ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ ကုန်တင်ကားသမားတွေကို ထမင်းထုပ်ဝေရာမှာ ပရဟိတလုပ်အားပေးအဖြစ် ပါဝင်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံ၊ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်က သူ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ လူနာ ကျေးလက်ကျန်းမာရေးဌာနမှူးရဲ့ ဒီလို သွားလာခဲ့တဲ့ရာဇဝင်တွေအရ ထိတွေ့သူပေါင်း ၁၈၃ ဦးအထိ ရှိလာတာဖြစ်ကြောင်း မူဆယ်မြို့ခံတွေက ပြောပါတယ်။ ဒီ ၁၈၃ ယောက်ထဲမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ သူ့နေထိုင်ရာရပ်ကွက်က ထိတွေ့ခဲ့သူတွေ၊ ပရဟိတသမားတွေလည်း ပါဝင်ပါတယ်။
ကျန်းမာရေးမှူးကို ရောဂါပိုးတွေ့တဲ့ ဇွန်လ ၂ ရက်နေ့မှာပဲ သူ နေထိုင်ရာ မူဆယ်နယ်စပ်မြို့ ဟိုမွန်ရပ်ကွက်ကို လော့ဒေါင်းပြုလုပ်ထားခဲ့ပေမဲ့ ဇွန်လ ၆ ရက် ညနေပိုင်းမှာတော့ လော့ဒေါင်းကို ပြန်ဖွင့်ပေးလိုက်ပါတယ်။
သူ နေထိုင်ရာ ဟိုမွန်ရပ်ကွက်မှာတော့ လူတွေပုံမှန်အတိုင်း သွားလာလှုပ်ရှားနေပြီး ကိုဗစ်ကာကွယ်ရေးမှာ အခြေခံအကျဆုံးဖြစ်တဲ့ နှာခေါင်းစည်းတပ်တာကို လိုက်နာသူတွေရှိသလို မလိုက်နာသူတွေလည်း ရှိကြကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း ကိုဗစ်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်တာတွေ သိပ်မတွေ့ရကြောင်း မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။