တကျော့ပြန်ကချင်စစ်ပွဲ ၉ နှစ်ပြည့်ချိန်အထိ အိမ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ
DVB
·
June 9, 2020
မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (အေအိုင်အေ)တို့ အကြား ၂၀၁၁ ဇွန်လ ၉ ရက်နေ့က တကျော့ပြန်စတင်ခဲ့တဲ့ စစ်ပွဲဟာ ဒီကနေ့ ၂၀၂၀ ဇွန်လ ၉ ရက်နေ့မှာ ၉ နှစ်ပြည်သွားပြီ ဖြစ်ပါတယ်။
တကျော့ပြန်စစ်ပွဲနဲ့အတူ ကချင်တိုင်းရင်းသား တစ်သိန်းကျော်လောက်ဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။
လက်ရှိအချိန် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ မရှိသလောက် လျော့ပါးသွားပေမဲ့ စစ်ရှောင်ပြည်သူတွေ အများစုကတော့ စခန်းတွေမှာ ဆက်လက်နေထိုင်နေရဆဲဖြစ်ပါတယ်။
လက်ရှိအစိုးရက စစ်ရှောင်တွေကို မူလနေရပ်ပြန်ပို့ဖို့ စီစဉ်နေပေမဲ့ မြန်မာ့တပ်မတော်ထိန်းချုပ်ထားတဲ့နေရာတွေမှာတပ်စခန်းတွေနဲ့ မြေမြုပ်မိုင်းတွေ ရှိနေတာကြောင့် နေရပ်ပြန်မယ့် စစ်ဘေးရှောင်တွေအတွက် လုံခြုံမှုကင်းမဲ့ကာ စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့ စစ်ရှောင်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
စစ်ရှောင်တွေအတွက် စစ်ရှောင်ရတဲ့ ကာလကြာမြင့်လာတာနဲ့အမျှ သူတို့ စွန့်ခွာထားခဲ့တဲ့ အိုးအိမ်၊လယ်ယာမြေတွေ ဆုံးရှုံးရမယ့် အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။
လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကြောင့်လည်း တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရှောင်စခန်းတွေမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်ရှိနေတာနဲ့ စားနပ်ရိက္ခာ ပြတ်လပ်တာရှိနေပါတယ်။
ဒါ့အပြင် မိုးတွင်းကာလဖြစ်လို့ လေပြင်းမုန်တိုင်းနဲ့ မိုးသည်းထန်စွာရွာသွန်းတာတွေကြောင့် စစ်ဘေးရှောင်တွေရဲ့ ခိုနားရာအိမ်တွေပျက်စီးဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရတယ်လို့လည်း စစ်ရှောင်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
Photo - La Awng / MPA