ကူလီဘာလီကို လျှော့ဈေးဖြင့်မရောင်းဟု နာပိုလီ သတိပေး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြောင်းအရွှေ့ဈေးကွက်နဲ့ အသင်းရဲ့ဘဏ္ဍာရေး အခြေအနေတို့အပေါ် ထိခိုက်မှုတချို့ ရှိနေပေမယ့် နောက်ခံလူ ကာလီဒူကူလီဘာလီကိုတော့ လျှော့ဈေးနဲ့ လုံးဝရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ နာပိုလီအသင်းရဲ့ အားကစားဒါရိုက်တာ ခရစ္စတီယာနို ဂျီယန်တိုလီက ပြောဆိုခဲ့ပါတယ်။  ကူလီဘာလီဟာ နာပိုလီအသင်းနဲ့အတူ ကမ္ဘာ့အဆင့်နောက်ခံလူတဦးအဖြစ် ထွန်းတောက်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ နာပိုလီအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသူဖြစ်ပြီး ဒီ ၂၈ နှစ်သားကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က အဓိကယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။ မကြာသေးခင်က ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ဟာ ဗန်ဒိုက်နဲ့ တွဲဖက်ကစားစေဖို့အတွက် ကူလီဘာလီကို ကိုယ်တိုင်ဖုန်းဆက်ပြောဆို စည်းရုံးခဲ့တယ်လို့ သိရပါတယ်။  ဒါပေမဲ့ နာပိုလီအသင်းဘက်ကတော့ သူတို့အသင်းရဲ့ ဘယ်ကစားသမားကိုမဆို လျှော့ဈေးနဲ့ ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ ဆီနီဂေါလက်ရွေးစင်ကစားသမားကို စိတ်ဝင်စားနေတဲ့အသင်းတွေအပေါ် သတိပေး ပြောဆိုခဲ့ပါတယ်။ “ကူလီဘာလီက တကယ်ကောင်းမွန်တဲ့ ကစားသမားတဦးဖြစ်ပြီး ကျနော်တို့အသင်းနဲ့ ကာလရှည်စာချုပ် ကျန်ရှိနေသူ ဖြစ်ပါတယ်‌။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ သူ့ကို ရောင်းချသွားမယ်ဆိုရင်တောင်  ဝယ်မယ့်အသင်းဘက်က ငွေပမာဏများစွာ အသုံးပြုရမှာ ဖြစ်ပါတယ်။ သူ့လို ကစားသမားမျိုးရဲ့ တန်ဖိုးဟာ ပဋိပက္ခအခြေအနေမှာတောင် ပြောင်းလဲသွားဖို့ မရှိပါဘူး။ ဒါကြောင့် ကျနော်တို့ဘက်က သူ့အတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းကို ညှိနှိုင်းသွားမှာမဟုတ်ပါဘူး” လို့ အားကစားဒါရိုက်တာဂျီယန်တိုလီက ပြောခဲ့ပါတယ်။ ကူလီဘာလီဟာ သူ့အရည်အသွေးကို နာပိုလီအသင်းနဲ့အတူ ပြသထားတဲ့ ကစားသမားဖြစ်ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ကလပ်အသင်းတွေရဲ့ အနေအထားအရ နာပိုလီဘက်က တောင်းဆိုတဲ့ ဈေးနှုန်းအတိုင်း တခြားအသင်းတွေက ပေးချေနိုင်ပါ့မလားဆိုတာ စဉ်းစားစရာကိစ္စတခု ဖြစ်ပါတယ်။  ဒါပေမဲ့ ကူလီဘာလီသာ နာပိုလီအသင်းကနေ ထွက်ခွာဖြစ်မယ်ဆိုရင်လည်း သူဟာ မန်ချက်စတာယူနိုက်တက်အသင်းထက်စာရင် ဆုဖလားတွေရရှိဖို့ ပိုမိုသေချာမှုရှိတဲ့ လီဗာပူးအသင်းကိုပဲ ဦးစားပေးရွေးချယ်သွားနိုင်တယ်လို့ ချဲလ်ဆီး  နောက်ခံလူဟောင်း ဖရန်လီဘွတ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up