အာဖရိကန်-အမေရိကန်များနှင့် တသားတည်းရှိဟု ONE Championship ဥက္ကဋ္ဌ ပြော

အမေရိကန်မှာ ဂျော့ချ်ဖလွိုက် သေဆုံးခဲ့ရမှုအပေါ် ONE Championship က ကစားသမားတွေက စာနာထောက်ထားကြောင်း ပြသခဲ့သလို ONE Championship ဥက္ကဋ္ဌ ချတ်ထရီကလည်း လူမျိုးရေးခွဲခြားမှုတွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ချိန်ကျရောက်ပြီလို့ ပြောပါတယ်။  “လူသားအားလုံး တန်းတူမျှမျှတတ ဆက်ဆံခံသင့်တယ်လို့ ကျနော် အခိုင်အမာယုံကြည်ပါတယ်။ အားလုံးအတွက် ညီမျှတဲ့အခွင့်အရေးတွေ ရသင့်တယ်လို့လည်း ယုံကြည်တယ်။ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ကျား မ လိင်ပိုင်းဆိုင်ရာ၊ နိုင်ငံသားဖြစ်မှု၊ ပညာရေး၊ လူမှုရေး စသဖြင့် ခွဲခြားဆက်ဆံခွင့်မရှိပါဘူး။ လူတွေနဲ့တွေ့ဆုံစကားပြောတဲ့အခါ ဒီအချက်တွေကို ကျနော် မမြင်ဘူး။ ကျနော့်ဘဝတလျှောက် နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံက သူငယ်ချင်းတွေရှိတယ်။ ဘီလီယံနာသူငယ်ချင်းတွေရှိသလို ဆင်းရဲသားသူငယ်ချင်းတွေလည်း ရှိတယ်။ ကျနော့် မျက်လုံးထဲမှာတော့ လူတိုင်းကို အတူတူပဲ မြင်တယ်။ ကျနော်တို့ အားလုံး မတူညီတဲ့ ဘဝနောက်ခံ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမျိုး၊ ယုံကြည်မှုတွေရှိကြပါတယ်။ ဒါပေမဲ့ ကျနော်တို့အားလုံး အိပ်မက်တွေမက်ကြတယ်၊ ရယ်မောကြတယ်၊ ချစ်ကြတယ်၊ ငိုကြွေးကြတယ်။ Genki Sudo ဟိုးယခင်က ပြောခဲ့သလို “ငါတို့အားလုံး တစ်ခုတည်း” ဆိုသလိုပါပဲ။ လူမည်းတွေရဲ့ဘဝက အရေးပါပါတယ်”လို့ ချတ်ထရီက ပြောပါတယ်။ အာဖရိကန်-အမေရိကန်တွေ မမျှမတဆက်ဆံခံရတယ်၊ အလွဲသုံးစား လုပ်ခံရတယ်။ သူတို့က တခြားလူတွေလို တန်းတူဆက်ဆံခြင်း မခံရပါဘူး။ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ဖို့ အချိန်ကျရောက်လာပါပြီ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူမည်းတွေနဲ့အတူ ရပ်တည်တယ်၊ လူသားဆန်မှုနဲ့အတူ ရပ်တည်ပါတယ်လို့လည်း ပြောပါတယ်။ လက်ရှိက မှောင်မိုက်တဲ့ အခိုက်အတန့်ဖြစ်နေပေမဲ့လည်း အမေရိကားဟာ စုစည်းညီညွတ်မှုအပြည့်နဲ့ နိုင်ငံတစ်ခု ပြန်လည်တည်ဆောက်မယ့်နည်းလမ်းကို ရှာတွေ့နိုင်မယ်လို့လည်း  ချတ်ထရီက ပြောပါတယ်။  မေလ ၂၅ ရက်က မင်နီဆိုတာပြည်နယ်၊ မင်နီယာပိုလစ်မြို့မှာ အာဖရိကန်-အမေရိကန်နွယ်ဖွား ဂျော့ချ်ဖလွိုက်ကို လူဖြူရဲတပ်ဖွဲ့ဝင် ၄ ဦးက ဖမ်းဆီးခဲ့ရာကနေ သေဆုံးမှုဖြစ်ခဲ့ရာက လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ အမေရိကန် ပြည်ထောင်စု နယ်နိမိတ်ကိုကျော်ကာ ဥရောပနိုင်ငံတွေအထိ ရိုက်ခတ်သွားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up