ရေးမြို့နယ်အတွက် ဒိန်းမတ်နိုင်ငံက Isolation Gown ဝတ်စုံ ၁၀၀၀ ပေးအပ်
DVB
·
June 8, 2020
ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် အစီအစဉ်တစ်ရပ်အနေနဲ့ ဒိန်းမတ်နိုင်ငံက မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ထောက်ပံ့ကူညီမှုပေးနေတဲ့ အရပ်ဘက်အဖွဲ့ထံသို့ Isolation Gown တွေ ဒိန်းမတ်သံရုံးကတဆင့် ပံ့ပိုးကူညီ ပါတယ်။
ကျပ်သိန်း ၇၀ တန်ဖိုးရှိတဲ့ အဲဒီ Isolation Gown အစုံ ၁၀၀၀ ကို မွန်ပြည်နယ်အတွင်း ရေးမြို့နယ်တစ်ခုတည်းသာ ရရှိခဲ့တာဖြစ်ပြီး မြို့နယ်အတွင်းရှိ ဆေးရုံတွေနဲ့ ဌာနဆိုင်ရာတွေကို ဇွန်လ ၈ ရက်နေ့က သွားရောက်လှူဒါန်းပေးနေတာပါ။
ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “ မွန်မှာ ရေးမြို့နယ်တစ်ခုတည်းသာ ပေးပို့ကူညီတာပါ။ အဲဒီရရှိထားတဲ့ အစုံ ၁၀၀၀ ကို ဒီနေ့မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း ဦးဆောင်ပြီးတော့ မြို့နယ်အတွင်းက ဆေးရုံတွေနဲ့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီကို လိုက်လံလှူ ဒါန်းပေးနေခြင်းပါ'' လို့ ပြောပါတယ်။
အဆိုပါကာကွယ်ရေးဝတ်စုံအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စမ်းသပ်ကုသရေး လုပ်ငန်းတွေမှာ အကျိုးရှိစွာ အသုံးချနိုင်မှာဖြစ်ကြောင်းနဲ့ ဒိန်းမတ်ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါကြောင်း ရေးမြို့ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရေးမြို့နယ်အတွင်း အရပ်ဘက်အဖွဲ့များ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ထောက်ပံ့ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်း အများပြည်သူ လှူဒါန်းငွေနဲ့ mask ၂၀၀၀၀ ခန့်၊ PPE အစုံ ၁၀၀၊ လက်အိတ်အစုံ ၇၀၀၀ ကျော်အပါအဝင် ဖျန်းဆေးဂါလံ ၁၀၀ ကျော်ကို မြို့နယ်အတွင်းရှိ ဆေးရုံများ၊ စခန်းများနဲ့ ရပ်ရွာများရှိ အရပ်ဘက်အဖွဲ့တွေထံ ပေးပို့လှူဒါန်းထားပါတယ်။
သတင်း- ဝင်းနိုင်သက်