Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ LNG သင်္ဘောကြီးဖြင့် ပထမဆုံးအကြိမ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်
ပိုင်စိုး
·
June 8, 2020
သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးနိုင်တဲ့ LNG သင်္ဘောကြီး ရန်ကုန်မှာ ပထမဆုံးအကြိမ်ဆိုက်ရောက် နေပြီး  မကြာခင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်တော့မယ်လို့  လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ မနေ့က ဝန်ကြီးရုံးမှာလုပ်တဲ့ LNG to Power စီမံကိန်းတွေအတွက် LNG သင်္ဘောရောက်လာတဲ့ အခြေအနေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ဆောင်ရွက်နေတာနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ပြောခဲ့တာပါ။ LNG သိုလှောင်ရေးသင်္ဘော (MV-CNTIC VPOWER GLOBAL) ဟာ မလေးရှားနိုင်ငံ ကနေ ဧပြီ ၂၈ ရက်မှာ ထွက်ခွာလာပြီး မေ ၆ ရက်နေ့မှာ ရန်ကုန်မြစ်ဝကို ရောက်ခဲ့ပြီးနောက် ဇွန် ၆ ရက်နေ့မှာ ယာယီဆိပ်ခံတံတား Mobile Filling Platform (MFP)မှာ ဆိုက်ကပ်နိုင်ခဲ့ပါတယ်။ သင်္ဘောဟာ အလျား ၁၇၆.၈ မီတာ၊ ရေစူး ၈ မီတာနဲ့ စုစုပေါင်းတန်ချိန် ၃၆၀၀၀ လောက်ရှိပြီး ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ကို ၁၄ ရက်ကြာ ထုတ်လုပ်နိုင်မယ့် LNG တွေ သိုလှောင်နိုင်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ စင်ကာပူနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ ယာယီဆိပ်ခံတံတားဟာ မေ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကိုရောက်လာပြီး သီလဝါ LNG ဆိပ်ကမ်းမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေအရ လိုက်နာဆောင်ရွက်ရတာကြောင့် ဇွန် ၂ ရက်မှာမှ တပ်ဆင်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။ Liquefied Natural Gas (LNG) နဲ့ သာကေတ ၄၀၀ မဂ္ဂါဝပ်နဲ့ သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းတွေကနေ ပထမဆုံး ဓာတ်အားထုတ်လုပ်မှာ ဖြစ်ပါတယ်။ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အခုရောက်လာတဲ့ LNG သိုလှောင်သင်္ဘောက LNG ကိုသုံးပြီး ဓာတ်အားထုတ်လုပ်တာဟာ မြန်မာနိုင်ငံမှာ ပထမဆုံး စီမံကိန်းဖြစ်တာကြောင့် နိုင်ငံတကာစည်းမျဉ်းစည်ကမ်းတွေနဲ့အညီ လုပ်ဖို့၊ ဘေးအန္တရာယ် ကင်းရှင်းရေးကို အထူးဂရုပြုပြီး အမြန်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်ဖို့၊ စီမံကိန်းလုပ်နေသူတွေအနေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်သွားဖို့ ပြောပါတယ်။ အခုနှစ် နွေရာသီမှာ တိုးတက်သုံးစွဲလာတဲ့ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ Liquefied Natural Gas to Power စီမံကိန်းတွေအပါအဝင် လျှပ်စစ်ဓာတ်အားစုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်ပေးနိုင်မယ့် စီမံကိန်းသစ် ၇ ခုကို ရန်ကုန်တိုင်း အလုံ၊ သန်လျင်၊ သာကေတ၊ မကွေးတိုင်း မကွေးနဲ့ ကျွန်းချောင်း၊ ပဲခူးတိုင်း ရွှေတောင်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူတို့မှာ အကောင်အထည်ဖော်နေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီထဲက မကွေး ၆၆ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ၊ အလုံ ၁၅၁.၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနဲ့ ကျွန်းချောင်း ၂၀.၅၄ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံတို့ကနေ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024