၅ လကျော်ကာလအတွင်း မိုးကြိုးကြောင့် ၆၂ ဦးသေဆုံး၊ ၂၆ ဦးဒဏ်ရာရ
DVB
·
June 8, 2020
မိုးကြိုနဲ့မိုးနှောင်းကာလတွေမှာ ဖြစ်ပေါ်တတ်တဲ့ မိုးကြိုးဘေးအန္တရာယ်ကြောင့် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇွန် ၆ ရက်အထိ နိုင်ငံတွင်း မှာ ၆၂ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မိုးကြိုးပစ်မှု အဖြစ်များဆုံးအချိန်တွေဟာ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအတွင်း ဖြစ်တတ်ကြောင်းနဲ့ အဆောက်အအုံ အပြင်ဘက်၊ လယ်ကွင်းနဲ့ ကွင်းပြင်တွေသာမဟုတ် အိမ်တွင်း ရှိချိန်မှာတောင် မိုးကြိုးစက်ကွင်းအန္တရာယ်ကျရောက်ပြီး သေဆုံးတာ၊ ဒဏ်ရာရတာတွေ ဖြစ်တာမို့ သတိပြုရန် ထုတ်ပြန်ချက်က ဆိုပါတယ်။
မိုးထစ်ချုန်းရွာပြီး လျှပ်စီးလက်နေချိန်မှာ အိမ်ပြင်ရောက်နေသူတွေဟာ ဖြစ်နိုင်လျှင် အိမ်ထဲ ချက်ခြင်း ဝင်ဖို့နဲ့သံ၊ သတ္တုပစ္စည်းတွေ မကိုင်ဖို့ အပါအဝင် အချက် ၈ ချက်ကို အသိပေးထားပါတယ်။
အလားတူ အိမ်တွင်းရှိနေသူတွေအနေနဲ့ အဆောက်အအုံအလယ်နဲ့ ပြတင်းပေါက်တွေနဲ့ဝေးတဲ့ နေရာမှာနေရမယ့်အပြင် လျှပ်စစ်နဲ့ဆိုင်တဲ့ပစ္စည်းတွေကို ခလုတ်ပိတ်ထားဖို့အပါအဝင် အချက် ၆ ချက်ကို အသိပေးထားပါတယ်။
ကားမောင်းနေသူတွေကတော့ ရောက်တဲ့နေရာမှာ လမ်းဘေးချ ကားရပ်ဖို့ နဲ့ သစ်ပင်လို ရှည်လျားတဲ့ နေရာတွေနဲ့ဝေးတဲ့ နေရာမှာ နေဖို့အပါအဝင် အချက် ၅ ချက်ကို အသိပေးထားပါတယ်။
မိုးကြိုးကြောင့် ၂၀၁၉ ခုနှစ်မှာတော့ သေဆုံးသူ ၁၃၃ ဦးနဲ့ ဒဏ်ရာရသူ ၅၂ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။