မြန်မာသင်္ဘောသား ၈၃ ဦးကို ပြင်သစ်နိုင်ငံမှ ပြန်ခေါ်
DVB
·
June 8, 2020
ကိုဗစ်ကပ်ဘေးကာလမှာ နေရပ်ပြန်ဖို့ အခက်အခဲကြုံတွေ့နေတဲ့ မြန်မာ သင်္ဘောသား ၈၃ ဦးတို့ကို ပြင်သစ်နိုင်ငံကနေ ဇွန်လ ၇ ရက်က အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြင်သစ်၊ အီတလီနဲ့ နယ်သာလန်နိုင်ငံတို့မှာ ရောက်ရှိနေတဲ့ ရှန်ဟိုင်းအခြေစိုက် Norwegian Cruise Line Holding Ltd. ကုမ္ပဏီရဲ့ ကမ္ဘာလှည့် သင်္ဘောတွေပေါ်မှ မြန်မာ သင်္ဘောသား စုစုပေါင်း ၈၃ ဦးတို့ကို ပါရီမြို့အခြေစိုက် Amelia Airlines က အထူးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ဇွန်လ ၇ ရက် နာရီခွဲမှာ ရန်ကုန်လေဆိပ်ကို ပြန်ရောက်လာကြပါတယ်။
ပြန်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးပြီး သတ်မှတ်နေရာမှာ (၂၁) ရက်တာ အသွားအလာကန့်သတ်စောင့်ကြပ်ထားရှိမှာ ဖြစ်ပါတယ်။
နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေပျံသန်းမှု ယာယီရပ်ဆိုင်း ထားတာကြောင့် ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး လေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ အစိုးရက ပြန်လည်ခေါ်ဆောင်ပေးနေရာမှာ ဇွန် ၇ ရက်အထိ မြန်မာနိုင်ငံသားစုစုပေါင်း ၃၁၉၂ ဦးရှိသွားပြီလို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-MOFA