A d v e r t i s e m e n t With Us

အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်က အကြမ်းဖက်မှု လက်မခံဟု ထုတ်ပြန်

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပွားစဉ်
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို ဂျီဟတ်စစ်ပွဲဆင်နွဲဖို့ အင်ဒိုနီးရှားနိုင်ငံက ဘာသာရေးဆရာတဦးက လှုံ့ဆော်တာကို လုံးဝ လက်မခံဘူးလို့ အစိုးရ အသိအမှတ်ပြု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက သဘောထားထုတ်ပြန်ပါတယ်။ ဒီလ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပွားအောင် အစိုးရက အကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီကြေညာချက်အပါအ၀င် ရခိုင်အစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးရဲ့ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေကို ဆက်သွယ်မေးမြန်းထားပါတယ်။ “ဒီကြေညာချက်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်မှာ အစ္စလာမ်ဘာသာဝင်တွေ တိုက်ခိုက်ခံရတာ ရှိတယ်။ ဗလီကျောင်းတော်တွေ ဖျက်ဆီးခံရတာ ရှိတယ်။ ဒါနဲ့ ပတ်သက်လို့ နိုင်ငံတကာက ကျနော်တို့ကို စာနာမှုပြတဲ့သူတွေအားလုံးကို ကျေးဇူးတင်တာ တချက်။ စာနာတဲ့ထဲမှာတောင်မှာ ဗုဒ္ဓဘာသာဝင် ကျနော်တို့နိုင်ငံက အပြစ်မရှိတဲ့သူတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လှုံ့ဆော်တာတွေလည်း တဖက်က ပြန်တွေ့ရတယ်။ အဲဒီဟာမျိုးကို လက်မခံဘူးဆိုတဲ့ ကျနော်တို့ သဘောထား။ နောက်ကြေညာချက်မှာ ဖော်ပြတာက အစ္စလာမ်ဘာသာဝင်တွေ အကြမ်းဖက်တိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့ တင်ပြတာရှိတယ်။ နောက် အကူအညီတွေ ပေးဖို့ ပြောထားတာရှိတယ်။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ဒီပြစ်မှု ကျူးလွန်တဲ့ သူတွေကိုပဲ အပြစ်ပေးပြီး အပြစ်မရှိတဲ့ သူတွေကို အပြစ်ပေးတဲ့ဟာကို ကျနော်တို့ ဘာသာရေးအဖွဲ့ကြီးအနေနဲ့ မလိုလားဘူး၊ လက်မခံဘူးဆိုတာ ကြေညာတာ။ ဂျီဟတ်အဖွဲ့ သုံးနှုန်းတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။ “ကျနော်တို့စာထဲမှာ ဂျီဟတ်ဆိုတာ မပါဘူး။ ကျနော်တို့ညီနောင် ဗုဒ္ဓဘာသာဝင်တွေကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လှုံ့ဆော်တာကို ကျနော်တို့ လက်မခံဘူး။ အကြမ်းဖက်တဲ့သူတွေကို အရေးယူဖို့ပဲ ကျနော်တို့က မီးမောင်းထိုးတာပါ။ ကျနော်တို့နိုင်ငံအပြင် ကျန်တဲ့နိုင်င့တွေမှာ ရောက်နေတဲ့ လူမျိုးဘာသာမရွေး မြန်မာနိုင်ငံသားတွေကိုလည်း စိုးရိမ်တကြီးနဲ့ သူတို့ရဲ့ လုံခြုံရေးကို သက်ဆိုင်ရာ အစိုးရတွေက တာဝန်ယူပေးဖို့ မေတ္တာရပ်ခံတာပါ။” ဦးဝဏ္ဏရွှေတို့အဖွဲ့တွေ အစ္စလာမ်ဘာသာဝင်တွေကို အကူညီပေးရေးမှာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပဲ ဖြစ်ဖြစ်၊ သွားရောက်ဖေးမကူညီတာတွေရော အဆင်ပြေချောမွေ့မှုရှိရဲ့လား။ “ကျနော်တို့ သွားရောက်ကူညီနေတာရှိတယ်။ ဒါပေမယ့် ဖြစ်ပျက်တဲ့နေရာတွေက များတယ်၊ ကူညီရမယ့် ပမာဏက များတယ်။ ကျနော်တို့ ဆောင်ရွက်ပေးနိုင်တဲ့ အတိုင်းအတာက လိုနေသေးတာပေါ့။ နောက်ပိုဆိုးတာက အရေးယူမှုအပိုင်း၊ ဒီရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူတယ်ဆိုတာ ထင်သာမြင်သာရှိရှိ ထုတ်ပြန်ကြေညာပေးမှ ဒီဒေသမှာ အေးအေးချမ်းချမ်းနေတဲ့သူတွေဟာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ နေနိုင်မှာပေါ့။ အခု အဲဒီဒေသမှာ ဖြစ်တဲ့သူတွေအပြင်ကို အခြားဒေသမှာ ရှိတဲ့သူတွေကလည်း စိုးရိမ်တကြီး ဖြစ်နေတာပေါ့။ ရာဇ၀တ်မှု ကျူးလွန်တဲ့သူတွေကို ဘယ်လိုအရေးယူတာလဲ၊ ဘယ်လိုဆောင်ရွက်သလဲ၊ ဒါတွေကို နောက်ထပ်မဖြစ်အောင် ဘယ်လိုဆောင်ရွက်သလဲဆိုတာကို ထင်သာမြင်သာရှိရှိ လုပ်ရင် ညီအစ်ကိုများ စိတ်အေးချမ်းသာဖြစ်မယ်။” သမ္မတက ရခိုင်အစီရင်ခံစာနဲ့ ပတ်သက်ပြီး အစိုးရရဲ့ သဘောထား ပြောတဲ့အပေါ်မှာရော ဦးဝဏ္ဏရွှေတို့ရဲ့ အမြင်ကို ပြောပြပေးပါ။ “ကျနော်တို့ ရခိုင်အစီရင်ခံစာအနေနဲ့ ပြောမယ်ဆိုရင် ကော်မရှင်မှာ ပါဝင်မယ့် ပုဂ္ဂိုလ်များရဲ့ အယူအဆပေါ့။ ကျနော်တို့ အယူအဆက အဲဒီအချက်တွေအပြင် နောက်လည်း လိုအပ်နေဦးမယ်လို့ ယူဆတယ်။ ဒီပြဿနာက နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ ပြဿနာ သိမ်မွေ့နက်နဲတဲ့ ပြဿနာဖြစ်တဲ့အတွက် နောက်ထပ်အချက်တွေလည်း လိုဦးမှာပေါ့။ ဒါပေမယ့် သမ္မတ မိန့်ခွန်းထဲမှာပါတာ ကျနော်တို့ တခုသတိထားမိတာက အစီရင်ခံစာပါ အကြောင်းအရာအပြင် နောက်ထပ် လိုအပ်တာတွေကိုလည်း ထည့်သွင်းဆောင်ရွက်သွားမယ်ဆိုရင် ကောင်းပါတယ်။” မိုးရာသီလည်းရောက်တော့မယ်၊ ရခိုင်၊ မိတ္ထီလာ စတဲ့ နေရာတွေက ဒုက္ခသည်တွေရဲ့ နေထိုင်ရေးနဲ့ ပတ်သက်လို့ရော လျာထားချက်အတိုင်းမီပါ့မလား။ “လျာထားချက်အတိုင်းမီမလား ဆိုတာ စိုးရိမ်နေတာပါ။ ကျနော်တို့တွေ့ရတာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အင်အားနည်းသူတွေပေါ့၊ သူတို့အတွက် ပိုစိုးရိမ်ပါတယ်။ အငြင်းပွားနေတဲ့ကိစ္စတွေကို ခဏထားလို့ သူတို့တွေရဲ့ လုံခြုံစိတ်ချရတဲ့ နေရာ။ လုံခြုံစိတ်ချရတဲ့ အခြေအနေဖန်တီးပေးဖို့က အရေးကြီးတာပါ။” ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ထိပ်တန်းစာရင်းပါနေတုန်းပဲဆိုတာနဲ့ ပတ်သက်လို့ မေးတော့ ဦးဝဏ္ဏရွှေဖြေတော့ ဘာသာရေးလွတ်လပ်ခွင့်ဆိုတာထက်စာရင် အသက်ဘေးအန္တရာယ်လုံခြုံစိတ်ချရမှုတောင် စိုးရိမ်နေရတယ်လို့ ပြောတယ်လေ။ အဲတော့ ဘယ်လိုကိုင်တွယ်ဆောင်ရွက်မှ အဲလို အခြေအနေ၊ ဒဏ်ကနေ လွတ်မြောက်မလဲ။ “အဲအချိန် သတင်းထောက်မေးတုန်းက ကျနော်ကိုယ်တိုင် အခြေအနေတွေလည်း တင်းမာ ရှုပ်ထွေးပြီး၊ ကွင်းဆင်းစစ်ဆေးနေတဲ့ အနေအထား။ သူမေးတဲ့အချိန် ဒါကို လေ့လာနိုင်စွမ်းကလည်း မရှိသေးဘူး။ နောက် အရေးတကြီး ပဋိပက္ခတွေချုပ်ငြိမ်းအောင်ပဲ ကြိုးစား ဆောင်ရွက်နေရတဲ့အချိန်ပါ။ အခြေအနေကို ပူပန်နေရသူတွေဟာ နေ့ပေါင်းများစွာ ရပ်ကွက်တွေမှာ ကင်းတွေစောင့်ရတယ်။ ထစ်ကနဲလူစုလူဝေးဖြစ်လာရင် စိုးရိမ်ထိတ်လန့်နေရတာတွေရှိတယ်။ တချို့သက်ကြီးရွယ်အိုတွေ ညညဆို လန့်ပြီး ထအော်တာတွေ အထိတ်တလန့်ဖြစ်တာ ရှိတယ်။ ဒီအခြေအနေလွန်မြောက်ဖို့က နောက်ကွယ်ကပါဝင်ပတ်သက်နေတဲ့၊ ကြိုးကိုင်နေသူတွေကို ဖော်ထုတ်ဖို့၊ တိတိကျကျ အရေးယူဆောင်ရွက်သွားမယ်ဆိုရင် ပြည်သူအများ လုံခြုံစိတ်ချရပြီး စိတ်အေးချမ်းမြေ့မယ်လို့ ယူဆပါတယ်။” နိုင်ငံတော်သမ္မတကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ နဲ့ နိုဝင်ဘာ လဆန်းပိုင်းတုန်းက ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီးတော့ နောက်ကွယ်ပါ ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်ဆိုပြီး သတင်းထုတ်ပြန်ထားတယ်။ အခု လပေါင်းများစွာ ကြာပြီ။ ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပြောဆိုမှုတွေအပေါ့် ဘာများ ပြောစရာရှိလဲ။ “သမ္မတကြီးရဲ့ မိန့်ခွန်းပြောဆိုချက်တွေကတော့ ယေဘုယျကျပြီးတော့ အလယ်လတ်ကျတဲ့ မိန့်ခွန်းတွေပါ။ တကယ်လည်း ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့က ဘာဖြစ်လဲဆိုတော့ ပဋိပက္ခက တခုပြီးတခု ရန်ကုန်မြို့နားထိ ဖြစ်လာတဲ့အချိန်ကျတော့ လူထုရဲ့ ထိတ်လန့်မှုကို ဒီမိန့်ခွန်းလောက်နဲ့တော့ မရဘူး။ တကယ့်လက်တွေ့ အရေးပါတဲ့ ဆောင်ရွက်ချက်တွေကို တခုပြီးတခု လုပ်သွားရင် လူထုက စိတ်အေးချမ်းသာမှု ရလာမယ်လို့ ကျနော် ယူဆပါတယ်။” ဘာများပြောစရာ ရှိသေးလဲ။ “နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ တည်ငြိမ်မှုရှိအောင်၊ အေးချမ်းမှုရှိအောင်၊ အစိုးရပိုင်းကလည်း ဆောင်ရွက်တာရှိသလို ပြည်သူတွေ ကြားမှာလည်း နှစ်ဖက်ဘာသာရေးအဖွဲ့အစည်းတွေ ကြိုးစားပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ တချို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆောင်ရွက်နေတာတွေ ရှိတယ်။ ဒါတွေကို ကြိုးပမ်းဆောင်ရွက်နေသလိုပဲ နိုင်ငံတော်အပိုင်းကလည်း ဘယ်သူ့ကိုဘယ်သူက ဥပဒေမဲ့ဆောင်ရွက်တဲ့ ကိစ္စမဆို တိတိကျကျ ထုတ်ဖော်ပြီး အရေးယူရင် အာဃာတ မပါဘဲ ပြောတဲ့စကားအရ ပြည်သူတွေ စိတ်အေးချမ်းမှုရှိအောင်၊ ပဋိပက္ခတွေကို နောင်မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့အချက်တချက်အနေနဲ့ ပြောတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up