မူဆယ်မြို့အနီး တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်
DVB
·
June 7, 2020
တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တို့ ဇွန် ၇ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ ရှမ်းပြည်နယ် မူဆယ်မြို့အရှေ့ဘက်နဲ့ နမ့်ဖက်ကာ အရှေ့မြောက်ဘက် မီတာ ၁၄၀၀ အကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မနက်ပိုင်း ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ ကေအိုင်အေဘက်က အင်အား ၁၅ ယောက်ဝန်းကျင်သာရှိပြီး နေ့လယ်ပိုင်း နောက်တကြိမ်ထပ်ဖြစ်တဲ့ တိုက်ပွဲမှာတော့ အင်အား ၆၀ နီးပါးရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
မိုင်းထောင် မိုင်းခွဲတာတွေ ပြုလုပ်ခဲ့တဲ့ TNLA အဖွဲ့ကို နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ တပ်မတော် လုံခြုံရေးအဖွဲ့နဲ့ ကေအိုင်အေတို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။
အဲဒီတိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဘက်က ထိခိုက်တာတွေရှိခဲ့ပြီး ကေအိုင်အေဘက်က လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကေအိုင်အေဘက်က ဗိုလ်မှူးကြီးနော်ဘူက ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲကို တပ်မတော်ဘက်က တိုးဝင်လာတဲ့အတွက် ခုခံတိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့ဘက်က ထိခိုက်မှုမရှိဘူးလို့ ပြောဆိုပါတယ်။
ကေအိုင်အေနဲ့ တပ်မတော် ပြည်နယ်အဆင့် သဘောတူညီမှုတွေ ရယူပြီးခဲ့ပြီးတဲ့ အချိန်ကတည်းက ဆွေးနွေးပြီးဖြစ်တာကြောင့် အဲဒီနယ်မြေက သူတို့နယ်မြေ ဟုတ်၊ မဟုတ် ကေအိုင်အေသာ အသိဆုံးဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိကပ်ဘေးကာလအတွင်းမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနဲ့အဖွဲ့ဟာ မေ ၂၀ ရက်နေ့က လိုင်ဇာအနီး မိုင်ဆာပါဒေသကို သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့ပြီး ကေအိုင်အို/ ကေအိုင်အေ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်က လက်ခံရယူခဲ့ပါတယ်။