Home
မြန်မာသတင်း
မုံရွာ ချင်းတွင်းမြစ်၌ ၅ လကျော်အတွင်း ရေနစ်သေဆုံးသူ ၉ ဦးရှိလာသဖြင့် တားမြစ်မိန့် ထုတ်ပြန်
Aung Ko Latt
·
June 7, 2020
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်မှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ ဇွန်လပထမပတ်အတွင်း ရေနစ်သေဆုံးသူ ၉ ဦးထိ ရှိလာတဲ့အတွက် မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်မိန့်တစောင်ကို ဇွန် ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။  ထုတ်ပြန်ချက်မှာ မုံရွာမြို့၊ ကမ်းနားလမ်းတလျှောက် အများပြည်သူ အပန်းဖြေအနားယူနိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးတို့အတွက် အားကစားပစ္စည်းတွေ၊ ထိုင်ခုံတန်းလျားတွေ ချထားပေးနေပြီး အဲဒီနေရာတွေမှာ တချို့က အရက်သေစာ သောက်စားပြီး မြစ်ထဲကို ရေဆင်းချိုးလို့ ရေနစ်သေဆုံးတာတွေ ဖြစ်နေတာလို့ ဖော်ပြထားပါတယ်။ ဒီအတွက် ကမ်းနားလျှောက် အရက်သေစာ သောက်စားတာ၊ မြစ်အတွင်း ရေဆင်းချိုးခြင်းတွေ မပြုလုပ်ကြဖို့ တားမြစ်ထားပြီး မလိုက်နာသူကိုတော့ တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားပါတယ်။ မုံရွာခရိုင်မီးသတ်ဦးစီးဌာနက ရရှိတဲ့ စာရင်းတွေအရ သေဆုံးသူ ၉ ဦးလုံးက အမျိုးသားတွေချည်းဖြစ်ပြီး ဇန်နဝါရီလမှာ ၁ ဦး၊ မတ်လမှာ ၁ ဦး၊ ဧပြီလမှာ ၂ ဦး၊ ဇွန်လမှာ တရက်တည်း ၅ ဦး ရေနစ်သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းက မနှစ်က ကာလတူထက် များလာတယ်လို့လည်း မုံရွာခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ပြောပါတယ်။ “ရှာဖွေကယ်ဆယ်ရေးအနေနဲ့ကတော့ ရေထဲတင်မက ကုန်းပေါ်မှာရောဆိုရင် ၁၀ ကြိမ်လောက်တော့ ရှိသွားပြီ။ မနှစ်ကထက်တော့ များတာပေါ့။ အကြိမ်ရေတော့ များတာပေါ့။ အနားယူ ထန်းတောရပ်ကွက်မှာလည်း မေလအတွင်းက ရေတွင်းထဲပြုတ်ကျလို့ တစ်ဦး သေဆုံးတာ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရသေးတယ်။ မြစ်ထဲရေနစ်သူတွေက ရေအခြေအနေမသိဘဲ ရေဆင်းချိုးတာတွေကနေ မမျှော်လင့်ဘဲ သေဆုံးတာတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဇွန်လ ၅ ရက်နေ့က မုံရွာမြို့ကမ်းနားနေရာ ၃ နေရာမှာ လူ ၅ ဦး တရက်တည်း ရေနစ်သေဆုံးခဲ့လို့ မီးသတ်ဦးစီးဌာနကတင်မက မန္တလေးက ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကိုပါ ခေါ်ယူပြီး ရေနစ်ပျောက်ဆုံးနေသူတွေကို ရှာဖွေခဲ့ရပါသေးတယ်။ ရေနစ်သေဆုံး အလောင်းတွေကိုတော့ အခင်းဖြစ်တဲ့ ဇွန် ၅ ရက်နေ့က ၃ ဦး၊ ဇွန် ၆ ရက်နေ့မှာ ၂ ဦး ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024