မောင်တောဆေးရုံတွင် ဆရာဝန် ၁ ဦး ဓားထိုးခံရမှု အပြန်အလှန်အမှုဖွင့်
DVB
·
June 7, 2020
ရခိုင်ပြည်နယ်၊ မောင်တောပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တဦး ဓားထိုးခံရမှုနဲ့ ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန်အမှုဖွင့်ထားတယ်လို့ မောင်တောမြို့နယ်စခန်းက ပြောပါတယ်။
“အခင်းဖြစ်ပွားတဲ့သဘောပါ။ ဆရာဝန်က ညအချိန် အရေးပေါ်လူလိုလို့ ဒုဓာတ်ခွဲမှူးကို ခေါ်တယ်။ ဓာတ်ခွဲမှူးက မလာဘူး။ မနက်ဆေးရုံလာတော့ ဘာလို့မလာတာလဲ ပြောတယ်။ အဲဒီမှာ ၂ ယောက် ခိုက်ရန်ဖြစ်တယ်။ ဆရာဝန်မှာ ဂျိုင်း(ချိုင်း)အောက်ဒဏ်ရာရပြီး အမှုဖွင့်ထားတယ်” လို့ မောင်တောမြို့နယ်စခန်းက တာဝန်ရှိတဦးက ပြောပါတယ်။
ဖြစ်စဉ်မှာ ဇွန် ၄ ရက်နေ့ ညနေ ၉ နာရီကျော်အချိန်က တောင်ပြိုယာအနီး တိုက်ပွဲကြောင့် ဒဏ်ရာရ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးအား အရေးပေါ်ဆေးကုသရာမှာ သွေးစစ်ဖို့ ဖုန်းဆက်ခေါ်တာ မလာရောက်လို့ နောက်တနေ့ ဆေးရုံမှာ တွေ့ဆုံစဉ် ခိုက်ရန်ဖြစ်ပွားကြတာလို့ ဆိုပါတယ်။
ဓားထိုးခံရသူမှာ ခွဲစိတ်ဆရာဝန် ဒေါက်တာထွန်းမင်းလတ် ဖြစ်ပြီး ချိုင်းအောက်မှာ ချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ရရှိခဲ့ကာ ဓားနဲ့ထိုးခဲ့တဲ့ ဒုဓာတ်ခွဲမှူး ဉာဏ်လင်းကို ရာဇသတ်ကြီး ပုဒ်မ- ၃၃၂ အရ အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။
အမှုဖွင့်လှစ်ခံရတဲ့ ဒုဓာတ်ခွဲမှူး ဉာဏ်လင်းကလည်း မောင်တောမြို့နယ်ရဲ့စခန်းမှာ ပြန်လည်အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
တောင်ပြိုယာအနီး တိုက်ပွဲကြောင့် ဒဏ်ရာရ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးအနက် ဒဏ်ရာပြင်းထန်သူ ၁ ဦးကို ဇွန် ၅ ရက်နေ့ မွန်းတည့်ပိုင်းမှာ စစ်ရဟတ်ယာဉ်နဲ့ ယူဆောင်သွားတယ်လို့ သိရပါတယ်။
လင်းလက်