Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၃၃၅ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့
DVB
·
June 7, 2020
ဇွန် ၆ ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၃၃၅ ခုကို စစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် မတွေ့ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ဒီနေ့မနက် ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ မနေ့ညက ပထမအသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဓာတ်ခွဲနမူနာ ၁,၁၃၈ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ  ၁၆၁  ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၇၇ ခုနဲ့  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၃ ခု စုစုပေါင်း  ၁,၅၉၉ ခု ကို စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် ၄  ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ လူနာသစ် ၄ ဦးဟာ အိန္ဒိယနိုင်ငံက ပြန်လာသူတွေဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်နေ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ပျဉ်းမနားမြို့နယ်မှာ နေထိုင်ကြသူတွေဖြစ်တဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၇၂ နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ဇွန် ၇ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၂၄၀ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  ၁၅၆ ဦးရှိပြီး  ဒီအထဲက ၁၃၆ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက် ၈ နာရီခွဲအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဒသမ ၉ သန်းကျော်နဲ့ သေဆုံးသူ ၄ သိန်းကျော်၊ ရောဂါပြန်လည်သက်သာလာသူ ၃ ဒသမ ၄ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024