ဘင်္ဂလားပင်လယ်အော်တွင် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်
DVB
·
June 6, 2020
မြန်မာနိုင်ငံအလယ်ပိုင်းအထိ အနောက်တောင်မုတ်သုံလေဝင်ရောက်ခဲ့ပြီ ဖြစ်သလို နောက် ၄၈ နာရီအတွင်းမှာလည်း ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အနောက်တောင်မုတ်သုံလေဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၁၉ ရက်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသကို အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး မေလ ၃၀ ရက်မှာတော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
မနက်ဖြန်မနက်အထိကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တို့မှာတော့ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
ပြီးတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတခါ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။