ဖမ်းဆီးထားသည့် ရမ်းဗြဲ အန်အယ်လ်ဒီအလုပ်မှုဆောင် ဦးဇေယျာမင်းကို အေအေအဖွဲ့ ပြန်လွှတ်
ဝဏ္ဏခွာညို
·
June 6, 2020
ရက္ခိုင့်တပ်တော်(အေအ)က ဖမ်းဆီးထားတဲ့ ရမ်းဗြဲမြို့နယ် အန်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ဇွန် ၅ ရက်နေ့ မနက်ပိုင်း ပြန်လွှတ်ပေးလိုက်တယ်လို့ ရမ်းဗြဲမြို့မစခန်းမှူး ဒုရဲမှူး မောင်မောင်က ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ မနက်ပိုင်း ၃ ခွဲ နာရီလောက် လွှတ်လိုက်တာဗျ၊ ကျောက်ဖြူ-ကားလမ်းမှာ ပိန္နဲတောင်နားမှာ ချထားခဲ့တယ်။ အဲ့ဒီကနေ သူ့ရွာ နေအိမ်ကို လမ်းလျှောက်လာတယ်။ အိမ်ကို နေ့လယ် ၁၂ နာရီလောက်မှ ရောက်တယ်ဗျ၊ ကျနော်တို့ ကြည့်တာကတော့ သူ့မှာ ထိခိုက်ဒဏ်ရာရတာတွေ မတွေ့ပါဘူး။”
အလုပ်အမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်း လွတ်လာတာနဲ့ပတ်သက်လို့ ဘယ်လို ခေါ်ယူသွားတယ်၊ ဘယ်သူတွေ ခေါ်သွားတယ်ဆိုတာကိုတော့ ရမ်းမြို့မြို့ရဲစခန်းက မေးမြန်းစစ်ဆေးချက်ယူတာတွေ ရှိတယ်လို့ စခန်းမှူး ဒုရဲမှူး မောင်မောင်က ပြောပါတယ်။
ဦးဇေယျာမင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်း အလုပ်ပြန်တဲ့အချိန် လက်နက် ကိုင်ဆောင်ထားတဲ့သူ ၈ ဦးကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးသွားတဲ့နေရာဟာ ရမ်းဗြဲမြို့နယ်နဲ့ ၁၀ မိုင်လောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။
ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ရက္ခိုင့်တပ်တော်အေအေက ဖမ်းဆီးထားခြင်းမရှိဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဖြေဆိုဖူးပါတယ်။
ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အလုပ်အမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ဆက်သွယ်ဖို့ရရှိဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။