ဆီးဂိမ်းတွင် အားကစားသမား ၈၀၀ ခန့် ၀င်ပြိုင်မည်

ဒီဇင်ဘာလထဲ ကျင်းပမယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းမှာ မြန်မာအားကစားသမား ၇၀၀ နဲ့ ၈၀၀ ကြား ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောပါတယ်။ ၂၀၁၁ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းမှာ မြန်မာအားကစားသမား ၄၀၀ လောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အခု မြန်မာပြည်မှာလုပ်မယ့် ပြိုင်ပွဲမှာတော့ အဲ့ဒီ ၂ ဆ လောက် ၀င်ပြိုင်ဖို့ ရှိတယ်လို့ ပြောပါတယ်။ “ကျနော်တို့ အင်ပြည့်အားပြည့်ပြိုင်မှာပါ။ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားမှာ သူတို့ထည့်သွင်းကျင်းပတဲ့ အားကစားနည်း ၄၁ နည်းမှာ ၂၀ ကျော်ပဲ ပြိုင်တယ်။ အခုက ၃၃ နည်းမှာ ၃၃ နည်းလုံးပြိုင်မှာဆိုတော့ ၇၀၀ နဲ့ ၈၀၀ ကြားလောက် လူအင်အားဖြစ်မယ်။” ဘောလုံးပွဲနဲ့ ပြေးခုန်ပစ်ပြိုင်ပွဲတွေ ကျင်းပမယ့် နေပြည်တော်က ၀ဏ္ဏသိဒ္ဓိနဲ့ ဇေယျာသီရိ အားကစားကွင်း တည်ဆောက်မှုဟာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပြီး မိုးလေလေလုံအားကစားရုံတွေ တည်ဆောက်မှုကတော့ ၈၅ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။ အားကစားပြိုင်ပွဲတွေကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင်ကမ်းခြေတို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး၊ မြန်မာအားကစားအဖွဲ့အနေနဲ့ ရွှေတံဆိပ် ၁၀၀ လောက်ရဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဆီးဂိမ်းပြိုင်ပွဲကို နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း မြန်မာက အိမ်ရှင်အဖြစ် တတိယအကြိမ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

//
More News
Up