မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၃၄ ဦးရှိ၊ ၂ ဦး သေဆုံး
DVB
·
June 6, 2020
မွန်ပြည်နယ်မှာ အခုနှစ် ဇွန်လပထမအပတ်အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၃၄ ရှိပြီး ကလေးငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ ခြင်ကျားကိုက်ခံရတာကတဆင့် ကူးစက်တဲ့ ရောဂါတခု ဖြစ်ပါတယ်။
ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအရ ၆၀ ရာခိုင်နှုန်းနီးပါးဟာ မော်လမြိုင်မြို့နယ်နဲ့ ပေါင်မြို့နယ်တို့မှာ ဖြစ်ပွားနေတာပါ။ သေဆုံးမှုအနေနဲ့ ပေါင်မြို့နယ်က ကလေးငယ် ၂ ဦးအထိ သေဆုံးထားတယ်လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။
လက်ရှိမှာတော့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စီမံချက်ရေးဆွဲပြီး စတင် လုပ်ဆောင်နေတာပါ။ ဒါကြောင့် နှစ်စဉ် လူသေဆုံးမှုတွေ ရှိနေတဲ့ သွေးလွန်တုပ်ကွေးရောဂါကို ပြည်သူအနေနဲ့ ကိုဗစ်-၁၉ ရောဂါနည်းတူ မပေါ့ဆကြဖို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတိပေးထားပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလာမှုကြောင့် အဘိတ်ဆေးခပ်တာအပြင် အပတ်စဉ် စနေနေ့တိုင်း အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ ပေါင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာခင်မောင်ကြည်က ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ရာမှာ ပြည်သူတွေအနေနဲ့ ဖုံး၊ သွန်၊ လဲ၊ စစ် ပုံမှန်ဆောင်ရွက်ပေးကြဖို့နဲ့ ကလေးငယ်တွေ ဖျားတာ၊ အန်တာအပြင် မှိန်းတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာရင် အမြန်ဆုံးကျန်းမာရေးဌာနကို လာရောက်ပြသပေးကြဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့နှစ်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၁၆၂ ဦးရှိပြီး ကလေးသူ ၄ ဦး သေဆုံးထားပါတယ်။
ဇော်လွင်ထွဋ်