Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း လုပ်ငန်းရှင် ၁၉ ဦးကို ကိုဗစ်ချေးငွေ ကျပ်သိန်း ၄၅၀၀ ထုတ်ပေး
Aung Ko Latt
·
June 6, 2020
စစ်ကိုင်းတိုင်းအတွင်းမှာ လုပ်ငန်းရှင် ၁၉ ဦးကို ကိုဗစ်ကာလ ချေးငွေ ကျပ်သိန်း ၄၅၀၀ ထုတ်ချေးပေးထားတယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း လုပ်ငန်းတော်တော်များများ လနဲ့ချီကာ ရပ်ဆိုင်းထားရတဲ့အတွက် တချို့လုပ်ငန်းတွေမှာ ပြန်စနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေတာပါ။  ဒီအတွက် နိုင်ငံတော်ကနေ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားတဲ့အနေနဲ့ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းရှင်တွေကို ချေးငွေတွေ ထုတ်ချေးပေးနေတာပါ။  ချေးငွေရရှိဖို့ စစ်ကိုင်းတိုင်းအတွင်းက လုပ်ငန်းရှင်ပေါင်း ၂၉၇ ဦး လျှောက်ထားခဲ့ကြပြီး အဲဒီထဲက လုပ်ငန်းရှင် ၁၉ ဦးမှာ လုပ်ငန်းအမျိုးအစားအလိုက် ချေးငွေတွေ ရရှိနေပြီးပြီလို့ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (SRCCI) ဥက္ကဋ္ဌ ဦးမျိုးမင်းက ပြောပါတယ်။ “စစ်ကိုင်းတိုင်းအနေနဲ့ကတော့ ဒုတိယအကြိမ်ပေါ့။ ပြီးခဲ့တဲ့တပတ်က လုပ်ငန်းရှင် ၅ ဦး ရပြီးသွားပြီ။ အခုက ဒီနေ့က လုပ်ငန်းရှင် ၁၄ ဦးပေါ့။ ငွေကြေးပမာဏကတော့ အနည်းဆုံး ကျပ်သိန်း ၁၀၀ ကနေ အများဆုံး ကျပ်သိန်း ၄၀၀ ပေါ့။ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ချေးငွေသတ်မှတ်ချက်တွေနဲ့ ထုတ်ချေးပေးတာပါ။ တချို့လည်း တင်သလောက်ရတယ်။ တချို့လည်း တင်သလောက်မရတာ ရှိတယ်။ စုစုပေါင်းဆိုရင်တော့ ကျပ်သိန်းပေါင်း ၄၅၀၀ ရှိပြီ။ နောက်ထပ်လည်း သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းရှင်တွေကို စိစစ်ပြီး ထပ်မံထုတ်ချေးပေးမယ်လို့တော့ သိရပါတယ်။” လုပ်ခလစာနဲ့ လုပ်ငန်းလည်ပတ်နိုင်ဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရန်ပုံငွေကနေ ကျပ်ဘီလီယံ ၁၀၀ ကို အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ နိုင်ငံသားလုပ်ငန်းရှင်တွေထံ ၁ နှစ် အပေါင်ပစ္စည်းမဲ့ ချေးပေးမှာ ဖြစ်ပါတယ်။  လုပ်ငန်းလိုင်စင် ၂ နှစ်ရှိတဲ့ မှတ်ပုံတင်ပြီး အခွန်ပေးဆောင်နေတဲ့ လုပ်ငန်း၊ ချေးငွေပြန်ဆပ်နိုင်တဲ့ လုပ်ငန်း၊ ချေးငွေရရင် ချက်ချင်းလည်ပတ်နိုင်တဲ့လုပ်ငန်း ဖြစ်ရမှာပါ။ လျှောက်လွှာတွေကို တိုင်းဒေသကြီး စက်မှုကြီးကြပ်စစ်ဆေးရေးရုံးမှာ SRCCI ကနေ ဧပြီလဆန်းပိုင်းက လက်ခံဆောက်ရွက်ခဲ့တာပါ။  လက်ရှိထုတ်ချေးပေးနေတဲ့ လုပ်ငန်းတွေထဲမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စားသောက်ကုန်၊ ကျန်းမာရေးဝန်ဆောင်မှု၊ ဟိုတယ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ပါဝင်ပါတယ်။  ချေးငွေတွေကိုတော့ မုံရွာ၊ ကလေး၊ ရွှေဘို၊ စစ်ကိုင်း၊ ကောလင်း၊ ဒီပဲယင်း စတဲ့မြို့နယ်တွေက လုပ်ငန်းရှင်တွေ ရရှိထားပါတယ်။ ချေးငွေအားလုံးကို တိုင်းနဲ့ ပြည်နယ်ရုံးစိုက်ရာ မြန်မာ့စီးပွားရေးဘဏ်တွေမှာ ထုတ်ယူရမှာဖြစ်ပြီး ၁ နှစ်ပြည့်တာနဲ့ အတိုးအရင်းတကြိမ်တည်း ပြန်ဆပ်ရမှာဖြစ်ပြီး ပျက်ကွက်ရင် ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024