ကန့်ဘလူမြို့နယ်မှ တောင်သူ ၁၉ ဦးကို သံချပ်ကာတပ်က ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲ
Aung Ko Latt
·
June 5, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ဓားမဦးချတောင်သူ ၁၉ ဦးကို အမှတ် ၆၀၀၆ သံချပ်ကာ တပ်ရင်းကနေ ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇ နဲ့ ဇွန်လ ၄ ရက်နေ့က မြို့နယ်တရားရုံးမှာ တရားစွဲတင်လိုက်ပါတယ်။
သံချပ်ကာတပ်ရင်းက ဗိုလ်ကြီးအဆင့်ရှိသူတဦးကနေ တရားလိုပြုလုပ်ကာ ၂၀၁၉ ခုနှစ်ကတည်းက ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး ၁ နှစ်ကျော်ကြာပြီလို့ ဖြစ်ပါတယ်။ ၁၂၄၄.၁၂ ဧကကို တပ်က သိမ်းယူခဲ့တာက ၂၀၀၅ ခုနှစ်ကဖြစ်ပြီး အဲဒီမတိုင်ခင် ဘိုးစဉ်ဘောင်ဆက်တည်းက ဓားမဦးချ လုပ်ကိုင်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
မြို့နယ်မြေစစ် ကော်မတီဝင်ဖြစ်သူ တောင်သူ ဦးသန်းဝင်းက "သိမ်းယူစဉ်ကနေ အခုထိ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးလည်း မပေးဘူး။ သိမ်းယူပြီး ၅ နှစ်လောက်က သီးစားပြန်လုပ်ခွင့်ပေးတယ်။ နောက်ပိုင်း သီးစားမချရဆိုတော့ တောင်သူတွေက သီးစားမတောင်းတော့ဘဲ ဒီတိုင်းလုပ်နေကြတာ။ သီးစားခမကောက်တော့ဘူး။ တပ်မြေမသိမ်းခင်ကတည်းက ဦးပိုင်အမည်ပေါက်တွေပါတယ်။ သစ်တောတုန်းကလည်း သစ်တောကို မြေခွန်ဆောင်ပြီး လုပ်ခဲ့သူတွေလည်း ပါတယ်။ အခုတရားစွဲတဲ့အထဲမှာ သူတို့ဟာသူတို့ ကြုံသလို စာရင်းကောက်ပြီး တွေ့တဲ့သူ နာမည်မှတ်လုပ်တော့ တပ်သိမ်းမြေထဲမှာ မပါသူတွေပါ တရားစွဲခံရတဲ့အထဲမှာ ပါနေတယ်။ ဒီမတိုင်ခင်ကလည်း တပ်ကနေ ထွက်ပေးဖို့ဆိုပြီး ခေါ်ယူညှိနှိုင်းတာတွေရှိတယ်။ တောင်သူတွေကလည်း တပ်မရောက်ခင်ကတည်းက လုပ်ကိုင်လာကြတာဆိုတော့ ဒီမြေတွေဆုံးမှာ ကြောင့်မို့ မထွက်ဘဲနေတာ။ တခြားမှာလည်း လုပ်ကိုင်စရာမရှိဘူးလေ။ မြေစစ်အဆင့်ဆင့်ကို တင်ခဲ့ပေမယ့်လည်း အခုထိ ဖြေရှင်းပေးတာမရှိဘူး။ ကန့်ဘလူနယ်ထဲ တပ်ကစွန့်လွှတ်မြေတွေ ရှိပေမယ့် ၆၀၀၆ တပ်ကသိမ်းတာတွေတော့ တစ်ခုမှ မပါသေးဘူး" လို့ ပြောပါတယ်။
တရားရုံးမတင်ဖို့ခင်က ရဲစခန်းကနေ ခေါ်ယူတာတွေ ရှိပေမယ့် လူမစုံတဲ့အတွက် တရားရုံးတင်တာ မရှိခဲ့ဘဲ လူမစုံရင် ဝရမ်းထုတ်တော့မှာ ဆိုတဲ့အတွက် တောင်သူတွေစုကာ တရားရုံးကို သွားရောက်ခဲ့ပြီး လက်ရှိမှာ အာမခံရရှိထားတယ်လို့ ဆိုပါတယ်။ နောက်တစ်ပတ်အတွင်း ရုံးချိန်းခေါ်ယူပြီး စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ဒေသခံလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန်ထွန်းက "ကျနော်လည်း လွှတ်တော်ရောက်နေတော့ အသေးစိတ်တော့ မသိရသေးဘူး။ အသေးစိတ်မေးမြန်းပြီး လိုအပ်တာတွေကိုတော့ အစိုးရကို တင်ပြပေးသွားမယ်။ ကူညီနိုင်တာ ကူညီပေးသွားမှာပါ" လို့ ပြောပါတယ်။
မူလက တရားစွဲခံရသူ တောင်သူ ၁၉ ဦးရှိခဲ့ပေမယ့် လက်ရှိမှာ ၁ ဦးက သေဆုံးသွားတဲ့အတွက် ၁၈ ဦးက တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ သံချပ်ကာတပ်ရဲ့ ဧရိယာ ၁၂၀၀ ကျော်မှာ ဒီတောင်သူတွေတင်မက တခြားသော တောင်သူတွေလည်း ရှိနေသေးပြီး ကျန်တဲ့တောင်သူတွေကိုတော့ တရားစွဲဆိုခြင်းမရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ကလည်း ကန့်ဘလူမြို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
လက်ရှိအချိန်က တောင်သူတွေအတွက် စိုက်ပျိုးချိန်ဖြစ်တဲ့အတွက် အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ်က သိမ်းဆည်းမြေ ပြဿနာများစွာ ရှိနေပြီး မကြာခဏဆိုသလို မြေသိမ်းသူတွေနှင့် မြေသိမ်းခံတောင်သူတွေကြားမှာ ထိပ်တိုက်တွေ့တာတွေ ရှိပါတယ်။ တိုင်းအတွင်း သိမ်းဆည်းမြေဧက အများဆုံးလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ မေလအတွင်းကလည်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကိုယ်တိုင် ကန့်ဘလူမြို့ကို လာရောက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်တဲ့ တပ်သိမ်းမြေတွေကို မူလတောင်သူတွေထံ လာရောက်ကာ ယာယီလုပ်ပိုင်ခွင့် ပုံစံ ၃ တွေကို ပေးအပ်ခဲ့ပါသေးတယ်။
လတ်တလောမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ တပ်သိမ်းမြေနဲ့ ပတ်သက်လို့ တောင်သူတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။