Home
မြန်မာသတင်း
စည်ပင် သံစုံတီးဝိုင်းဝယ်ယူမည့်ကိစ္စ ရန်ကုန်တိုင်းအစိုးရဘတ်ဂျက်မှ ပယ်ဖျက်
ဇေယျာချမ်းအေး
·
June 5, 2020
ရန်ကုန်မြို့တော်စည်ပင်က သံစုံတီးဝိုင်းဝယ်ဖို့ ငွေကျပ် ၁၃၇ သန်း အသုံးပြုမယ့်ကိစ္စကို  ရန်ကုန်တိုင်းအစိုးရဘတ်ဂျက်ကနေပယ်ဖျက်ပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ရသုံးငွေစာရင်းကို ရန်ကုန်တိုင်းလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။  ရန်ကုန်တိုင်း လွှတ်တော်အရေးပေါ်အစည်းအဝေးကို ဇွန်လ ၂ ရက်မှ  ၅ ရက် အထိကျင်းပခဲ့ရာမှာ ရန်ကုန်တိုင်းအစိုးရရဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ရသုံးငွေစာရင်းကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်တိုင်းအစိုးရရဲ့ လာမယ့်နှစ်ဘဏ္ဍာငွေရငွေသုံးစာရင်းကို လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးအထိ ဝေဖန်ဆွေးနွေးခဲ့ကြပြီးနောက် ရန်ကုန်တိုင်းလွှတ်တော်က ဇွန်လ ၅ ရက်နေ့မှာ အတည်ပြုလိုက်တာပါ။ အတည်ပြုလိုက်တယ်ဆိုပေမဲ့ ရန်ကုန်စည်ပင်ရဲ့ သံစုံတီးဝိုင်းဝယ်ယူဖို့ ငွေကျပ် ၁၃၇ သန်းအသုံးပြုမယ့်ကိစ္စနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကန့်ကွက်တဲ့ အချက်တွေကိုတော့ ရန်ကုန်တိုင်းအစိုးရက ပယ်ဖျက်ပေးခဲ့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တချို့ကတော့  ရန်ကုန်တိုင်းအစိုးရရဲ့ ငွေကြေးတောင်းခံပုံ ကို ကျေနပ်မှုမရှိတဲ့အကြောင်းနဲ့ ပြည်သူ့ငွေစာရင်းကော်မတီရဲ့အကြံပြုချက်တွေကို လေးစားလိုက်နာဖို့ တိုက်တွန်းပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ရန်ကုန်အစိုးရဟာ ငွေကျပ်ဘီလီယံ ၇၂၀ ကျော်အသုံးပြုထားပြီး လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ငွေကျပ်ဘီလီယံ ၉၂၀ ကျော်အသုံးပြုခွင့်ရခဲ့တာပါ။ အဲ့ဒါကြောင့် လာမယ့်နှစ်မှာ အခုနှစ် ထက် ငွေကျပ်ဘီလီယံ ၂၀၀နီးပါး ပိုသုံးစွဲမှာဖြစ်ပါတယ်။  ဘတ်ဂျက်ပိုသုံးစွဲမယ်ဆိုပေမဲ့ ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးကဖွံ့ဖြိုးရေးလုပ် ငန်းတွေဆောင်ရွက်ဖို့ ပမာဏနည်းပါးတာကို တွေ့ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပါတယ်။ အမှန်တကယ်လိုအပ်ချက်ဖြစ်တဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ စက်ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ ရန်ကုန်အစိုးရက ငွေပိုသုံးစေချင်တယ်လို့လည်း လွှတ်တော်အမတ်တွေက သုံးသပ်ကြပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအစိုးရရဲ့ ရသုံးငွေစာရင်းပါဖော်ပြချက် ငွေကျပ်ဘီလီယံ ၉၂၀ ကျော်ထဲက ငွေကျပ်သန်းပေါင်း ၄၁၀၀၀ ကျော်ကို ပြည်သူ့ငွေစာရင်းကော်မတီနဲ့ ပူးပေါင်းအဖွဲ့ ၉ ဖွဲ့တို့က စိစစ်ဖြတ်တောက်ထားပါတယ်။  ဒီဖြတ်တောက်မှုကို လွှတ်တော်ကိုယ်စားလှယ်အများစုကထောက်ခံခဲ့သလို တိုင်းဒေသကြီး လွှတ်တော်ကလည်း  ဇွန်လ ၅ရက်နေ့က အတည်ပြု ဖြတ်တောက်ပေးခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024