လူမျိုးရေးခွဲခြားမှုဆန့်ကျင်ကြောင်း   အောင်လအန်ဆန်နှင့် ဖိုးသော်ပြော

ဓာတ်ပုံ- Poethaw
လူမျိုးရေးခွဲခြားမှုတွေက လက်သင့်ခံစရာမရှိဘူးလို့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ ONE Championship လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အာဖရိကန်-အမေရိကန် လူမည်း George Floyd ကို ရဲတပ်ဖွဲ့ကဖမ်းဆီးစဉ် သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံသားတွေက တရားမျှတမှုရဖို့ မြို့ကြီးတွေမှာ ဆန္ဒဖော်ထုတ်ခဲ့သလို လူမည်းတွေအပေါ် ခွဲခြား ဆက်ဆံမှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုနေကြတာပါ။ ဒါနဲ့ ပတ်သက်ပြီး အောင်လအန်ဆန်က  လူသားမျိုးနွယ်စုအားလုံးက တစုတစည်းတည်းဖြစ်တယ်၊ ဒါဟာ စင်ကာပူအခြေစိုက် ONE Championship ကလက်ကိုင်ထားနေတဲ့ ဆောင်ပုဒ်လည်းဖြစ်တယ်လို့ပြောပါတယ်။ “ကျနော်တို့တွေ ဒီစကားစုရဲ့အနက်အဓိပ္ပာယ်နဲ့ သတိပေးမှုကို အရင်အချိန်တွေထက် ဒီနေ့မှာ ပိုပြီးသိရှိသဘောပေါက်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့တတွေ မည်သူမည်ဝါပင်ဖြစ်စေ၊ မည်သည့်အရပ်ဒေသကပဲဖြစ်ပါစေ ကျနော်တို့ဟာ မိသားစုတစ်စုတည်း ONE၊  လူသားမျိုးနွယ်တစ်ခုတည်း ONE ပဲ ဖြစ်ကြပါတယ်။ အကြောင်းအရာတစ်ခုကို ပြဿနာမဖြစ်စေဘဲ ဖြေရှင်းနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ အားလုံးပဲ ကောင်းမွန်တဲ့ရက်သတ္တပတ်ကို ပိုင်ဆိုင်နိုင်ကြပါစေ”လို့ အောင်လအန်ဆန်က သူ့ရဲ့လူမှုကွန်ရက်ကနေ ဆုတောင်း မေတ္တာ ပို့သခဲ့ပါတယ်။ အလားတူ Team PT အသင်းကိုတည်ထောင်ထားတဲ့ MMA အားကစားသမား ဖိုးသော် ခေါ် “ဘူရှီးဒိုး”ကလည်း လူမျိုးရေးခွဲခြားမှုဟာ အတွေးအခေါ် နိမ့်ပါးသူတွေရဲ့စရိုက်လက္ခဏာဖြစ်ပြီး ဘားရတ်အိုဘားမား၊ မိုက်တိုက်ဆန်နဲ့ မေဝယ်သာတို့လို ထိပ်တန်းပုဂ္ဂိုလ်တွေက လူမည်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ “အခုဖြစ်ပျက်နေတာတွေကနေ လူသားတွေအနေနဲ့ သင်ခန်းစာ ကောင်းကောင်းယူသင့်ပါတယ်။ လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံတဲ့ ခေတ်က ပြီးဆုံးသင့်ပါပြီ။ အသားအရောင်အပေါ်၊ ကိုးကွယ်ယုံကြည်ရာအပေါ်ကိုလိုက်ပြီး လူသားတိုင်းကို ခွဲခြားမြင်လို့မရတော့ပါဘူး။ လူဟာ လူပါပဲ။ အမှန်တကယ်ကတော့ လူ့အသိုင်းအဝိုင်းမှာ အသားအရောင်ထက လူတွေရဲ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားနဲ့ လုပ်ရပ်တွေအပေါ်မှာပဲ မြင်အောင်ကြည့်သင့်တယ်” လို့ ဖိုးသော်က ပြောပါတယ်။ ONE Warrior Series ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေပြီး ၂ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားတဲ့ Team PT အသင်းသား စိုင်းဉာဏ်လင်းကတော့ လူမျိုးရေးခွဲခြားတာကို ရှုတ်ချသလို အမေရိကန်ပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်လို့ ဖွင့်ဟပါတယ်။ George Floyd သေဆုံးမှုဟာ တစ်ကမ္ဘာလုံးကိုပါ ရိုက်ခတ်ခဲ့ပြီး ဗြိတိန်၊ ဂျာမနီ စတဲ့ နိုင်ငံတွေအထိ ကူးစက်ကာ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။  ကမ္ဘာအနှံ့က ထင်ပေါ်ကျော်ကြားသူတွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေ ကလည်း George Floyd အတွက် တရားမျှတခွင့်ရဖို့ တောင်းဆိုနေကြပြီး အမေရိကန်မှာဆိုရင် ဆန္ဒပြပွဲတွေကတဆင့် လုယက်မှု၊ ဖျက်ဆီးမှုတွေဖြစ်ပေါ်နေတာကြောင့် ညမထွက်ရအ မိန့်ထုတ်ပြန်ထားသလို စစ်တပ်အကူအညီကို တောင်ယူရတဲ့အထိ ကြီးမားလာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up