ညောင်လေးပင်ရှိ ကိုဗစ်-၁၉ လူနာအမှတ် ၂၃၃ နှင့်ထိတွေ့ခဲ့သူ ၂၄ ယောက်တွင် ပိုးမတွေ့
DVB
·
June 5, 2020
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ လူနာအမှတ် ၂၃၃ နဲ့ ထိတွေ့ခဲ့သူတွေထဲက ၂၄ ယောက်ကို ဓာတ်ခွဲနမူနာ စစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရှိရဘူးလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
လူနာအမှတ် ၂၃၃ နဲ့ထိတွေ့ခဲ့သူတွေကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ရှိမရှိ သိရှိနိုင်ဖို့ ဇွန်လ ၃ ရက်နေ့မှာ ၄၉ ယောက်နဲ့ ဇွန်လ ၄ ရက်နေ့မှာ ၂၇ ယောက်တို့ကို လည်ချောင်း တို့ဖတ်ရယူပြီး ဓာတ်ခွဲစစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာကို ပို့ဆောင်ခဲ့စစ်ဆေးခဲ့တာပါ။
လူနာအမှတ် ၂၃၃ နဲ့ ထိတွေ့ခဲ့တဲ့ သီတဂူစက္ကုဒါနဆေးရုံ Facility Quarantine က ၁၄ ဦးနဲ့ ယာဉ်မောင်းအပါအဝင် ထိတွေ့ခဲ့သူ ၂၄ ဦးရဲ့ လည်ချောင်းတို့ဖတ်တွေကို ရယူပြီးစစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရဘူးလို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဇွန်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဓာတ်ခွဲအတည်ပြုပို့ဆောင်ထားတဲ့ ၇၆ ယောက်ထဲက ၂၄ ယောက်ရဲ့အဖြေသာ ကနဦး သိရှိရတာဖြစ်ပြီး ကျန်တဲ့သူတွေရဲ့ အဖြေကတော့ နောက်ရက်တွေမှသာ သိရှိနိုင်မယ်လို့ ဆိုပါတယ်။
"သူ့အခန်းဖော် ၁၄ ယောက်ရယ်၊ ကားအတူစီးခဲ့တဲ့ အမျိုးသမီးတွေရယ်၊ ယာဉ်မောင်းရယ်၊ သီတဂူစက္ကုဒါနဆေးရုံက ပရဟိတသမားတွေရဲ့ အဖြေအရင်ထွက်လာတာပါ။"
ဇွန်လ ၅ ရက်မှာ လူနာအမှတ် ၂၃၃ နဲ့ ထိတွေ့ခဲ့သူ ၂၀ ကျော်ကိုလည်း ဓာတ်ခွဲနမူနာရယူ စစ်ဆေးသွားဖို့ရှိနေပါတယ်။
နေလင်းထိုက်