မက္ကဆီကိုတွင် ကိုဗစ်-၁၉ ကြောင့် တရက်တည်း ၈၁၆ ဦးသေဆုံးပြီး စံချိန်တင်

မက္ကဆီကိုနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် တရက်တည်းမှာတင် လူပေါင်း ၈၁၆ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး စံချိန်တင်သေဆုံးမှုအရေအတွက် ဖြစ်လာခဲ့ပါတယ်။ သမ္မတ အန်ဒရေမန်နျူရယ်လိုပက်ဇ်အိုဘရေဒေါကတော့ မက္ကဆီကိုအစိုးရအနေနဲ့ ရောဂါကူးစက်ပြန့်ပွားမှုကို ခုသီတင်းပတ်ထဲမှာ ကိုင်တွယ်ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ပြေ်ခဲ့ပေမယ့် ကျန်းမာရေးတာဝန်ရှိသူတွေကတော့ ခုသေဆုံးမှုတွေထဲက အများစုက ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဖြစ်ပွားခဲ့တာတွေလည်းပါဝင်ပြီး လက်ရှိမှာတော့ ပြန်လည်ခွဲခြားမှုတွေ လုပ်ဆောင်နေရတယ်လို့ ပြောပါတယ်။ လတ်တလောမှာတော့ ဇွန် ၅ ရက်နေ့အထိ မက္ကဆီကိုနိုင်ငံမှာ ရောဂါကူးစက်ခံ ရသူပေါင်း ၁၀၅,၆၈၀ ယောက်ရှိလာခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၂,၅၄၅ ယောက် ရှိနေခဲ့တာပါ။ မက္ကဆီကိုနိုင်ငံဟာ လက်တင်အမေရိကနိုင်ငံတွေထဲ ဒုတိယလူနေအထူထပ်ဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး လတ်တလောထွက်ရှိလာတဲ့ သေဆုံးသူအရေအတွက်က အစိုးရက အရင်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းထက် များနေခဲ့တာပါ။ သေဆုံးမှုဟာ အရင်ကထုတ်ပြန်ချက်ထက် ၂ ဒဿမ ၅ ဆ ပိုမိုမြင့်တက်နေပြီး မက္ကဆီကိုအစိုးရ တရားဝင်ထုတ်ပြန်တဲ့အရေအတွက်ထက် အမှန်တကယ်သေဆုံးသူအရေအတွက် များနေနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ သေဆုံးရခြင်းအကြောင်းရင်းတွေကိုတော့ ဆက်လက်ပြီးတော့ သုံးသပ်စစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ မက္ကဆီကို သမ္မတ လိုပက်ဇ်အိုဘရေဒေါက ကိုဗစ်-၁၉ ဒဏ် အဆိုးရွားဆုံးရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံကို ရည်ညွှန်းပြီး “ဒါက နယူးယောက်မဟုတ်ပါဘူး” လို့ ရောဂါကို ထိန်းချုပ်ထားနိုင်ကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ လတ်တလောမှာတော့ မက္ကဆီကိုနိုင်ငံမှာ ကမ္ဘာ့နိုင်ငံတွေထဲ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၇ နိုင်ငံမြောက် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၆,၇၀၂,၆၀၅ ယောက်နဲ့ သေဆုံးသူ ၃၉၃,၂၁၀ ယောက်ရှိပါတယ်။ အမေရိကန်နိုင်ငံကတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁,၉၂၄,၀၅၁ ယောက်၊ သေဆုံးသူစုစုပေါင်း ၁၁၀,၁၇၃ ယောက်နဲ့ အဆိုးဝါးဆုံး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up