ဂျာမနီတွင်ပိတ်မိနေသည့် မြန်မာသင်္ဘောသားများကို အထူးလေယာဉ်ဖြင့် ပြန်ခေါ်ယူ
DVB
·
June 5, 2020
မြန်မာသင်္ဘာသားတွေအများစု အပါအဝင် ဂျာမနီနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၉၅ ယောက်ကို ဇွန်လ ၄ ရက်က အထူးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ ရပ်နားဆိုက်ကပ်ထားတဲ့ AIDAperla နဲ့ AIDAblu အပျော်စီး သင်္ဘောနှစ်စင်းပေါ်မှာ ၂ လလောက် သောင်တင်နေတဲ့ မြန်မာသင်္ဘောသား ၈၉ ဦးနဲ့ ဂျာမနီနိုင်ငံမှာ ရောက်ရှိနေပြီး ပြန်လာဖို့ အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသား ၆ ဦး စုစုပေါင်း ၉၅ ဦးကို ဂျာမနီနိုင်ငံရှိ AIDA ကုမ္ပဏီက စီစဉ်ပေးတဲ့ အထူးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့မနက်က ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ခုလိုနေရပ်ပြန်နိုင်ဖို့ မြန်မာနိုင်ငံခြားရေးဌာနနဲ့ မြန်မာသံရုံးတို့က ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ပြန်လာသူတွေကို ကျန်းမာရေးစစ်ဆေးပေးပြီး သတ်မှတ်နေရာမှာ (၂၁) ရက်တာ အသွားအလာကန့်သတ် Quarantine ထားရှိဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလမှာ နိုင်ငံတကာခရီးသည်တင်လေယာဉ်ပျံသန်းမှုတွေ ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ပြန်လည်ခေါ်ဆောင်ပေးနေရာမှာ ဇွန်လ ၄ ရက်အထိ ၂၉၂၉ ဦးရှိသွားပြီလို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- MOFA