ဦးနေမျိုးဇင်ကို အမြန်ဆုံးလွှတ်ပေးရန် အက်စ်အန်အယ်လ်ဒီ တောင်းဆို
DVB
·
May 9, 2013
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင် ၆ နှစ် ချမှတ်လိုက်တဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) က တောင်းဆိုလိုက်ပါတယ်။
[caption id="attachment_20507" align="alignleft" width="300" caption="နေမျှိုးဇင်"][/caption]
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ရဲတပ်ဖွဲ့ကိုအကြည်ညိုပျက်စေမှုနဲ့ ပန်းတနော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်ပြီး မအူပင်ထောင်မှာ အကျဉ်းကျခံနေရသူ ဖြစ်ပါတယ်။
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ်က ပုဒ်မ ၄၀၁ ကြွေးကျန်အဖြစ် သတ်မှတ်ထားတဲ့ ထောင်ဒဏ် ၆ နှစ်ကို ပြန်လည်ကျခံစေဖို့ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အက်စ်အန်အယ်လ်ဒီက ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
ကြေညာချက်မှာ အစိုးရရဲ့ ဒီလို ဆောင်ရွက်ချက်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအပေါ် အများကြီး သက်ရောက်မှု ရှိစေပြီး အပြုသဘော နိုင်ငံရေးဆောင်ရွက်ချက်တွေ အပေါ်မှာလည်း ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ ထောက်ပြထားပါတယ်။
ဦးနေမျိုးဇင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်ကလည်း ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။