Home
အနုပညာ
အိမ်အကူအမျိုးသမီးကို အက်ဆစ်ဖြင့်ပက်၊ မုဒိမ်းကျင့်ခဲ့ခြင်းမရှိဟု သရုပ်ဆောင်မင်းရာဇာ ပြော
သူသူအောင်
·
June 4, 2020
အိမ်အကူအမျိုးသမီးကို အက်ဆစ်နဲ့ပက်ပြီး မုဒိမ်းပြုကျင့်တယ် ဆိုတာ လုံးဝမဟုတ်ဘူးလို့ သရုပ်ဆောင်မင်းရာဇာက  မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှေ့မှာ မီဒီယာတွေကို ပြောပါတယ်။  ဒီနေ့ ဇွန် ၄ ရက် ရုံးချိန်းမှာ  ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၄ နဲ့ တရားစွဲခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ၊ မဖူးငုံပွင့်နဲ့ မင်းရာဇာရဲ့ယာဉ်မောင်း ရခိုင်လေးတို့ တရားရုံးကို လာရောက်ခဲ့ကြပြီး တရားရုံးက ပြန်အထွက် အချုပ်ကားပေါ်  တက်ခါနီးမှာ မင်းရာဇာက  ပြောကြားခဲ့တာပါ။ “ အခု အားလုံးသိတဲ့အတိုင်းပဲ ကျနော်ကို ၊  အက်စစ်နဲ့ပက်တယ်။ မုဒိမ်းကျင့်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အားလုံးထင်သလို အက်စစ်နဲ့ ပက်တယ်ပေါ့။ ကျနော်  လုံးဝမလုပ်ပါဘူး။  သမီးလေးမွေးထားတာ။ တကယ် အဲ့ဒီလို မလုပ်ခဲ့ပါဘူး။ ” လို့ မင်းရာဇာက ပြောပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၃၂၅ နဲ့ တရားစွဲခံထားရတဲ့ မင်းရာဇာရဲ့ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးကတော့ မြောက်ဥက္ကလာဆေးရုံမှာ ဆေးကုသမှုခံယူနေတာကြောင့် ရှေ့နေက တရားရုံးကိုဆေးခွင့်တင်ပြခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် တရားရုံး သတင်းပြန်ကြားရေး အရာရှိ တွဲဖက်မြို့နယ် တရားသူကြီး ဦးဇေယျာဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၇ ရက်ရုံးချိန်းမှာ သရုပ်ဆောင် မင်းရာဇာ၊ မဖူးငုံပွင့်နဲ့ မင်းရာဇာရဲ့ ယာဉ်မောင်း ရခိုင်လေးတို့ကို ပုဒ်မ ၃၂၆/၃၄ နဲ့ တရားစွဲခဲ့ပြီး ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၂၅ နဲ့  တရားစွဲဆိုခဲ့ကာ ရာဇဝတ်ကျင့်ထုံး ၄၉၆ အရ အာမခံပေးခဲ့ပါတယ်။ သရုပ်ဆောင် မင်းရာဇာ၊ မဖူးငုံပွင့်နဲ့ ရခိုင်လေးတို့ကို စွဲဆိုထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ မှာ ဘေးဖြစ်စေတတ်သော လက်နက်၊ အပြင်းအထန် နာကျင်စေမှု ဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် တစ်သက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ ဒါ့အပြင် မင်းရာဇာတို့ကို အကြံတူတစ်ခုကိုပူးပေါင်းပါဝင်ကြောင်း ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၃၄ နဲ့လည်း တရားစွဲထားပါတယ်။ မင်းရာဇာရဲ့ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးကို စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၃၂၅ ကတော့ အပြင်းအထန် နာကျင်စေမှုဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်မှာ အလုပ်နဲ့  ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တာဖြစ်ပါတယ်။  အက်ဆစ်နဲ့ အပက်ခံရတဲ့ အိမ်အကူ အမျိုးသမီးငယ်ရဲ့ မိခင်က သရုပ်ဆောင်မင်းရာဇာ အပါအဝင် လေးဦးကို  မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ  တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး  ရွှေပေါက္ကံရဲစခန်းကလည်း သရုပ်ဆောင်မင်းရာဇာအပါအဝင် လေးဦးကို ရာဇသတ်ကြီးပုဒ်မ -၃၂၄/၃၂၅/၃၅၄ နဲ့ ၁၁၄ စတဲ့ ပုဒ်မတွေနဲ့  အမှုဖွင့်ထားခဲ့ပါတယ်။ ဒါ့အပြင် သရုပ်ဆောင် မင်းရာဇာဟာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့လည်း ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။ ဒီအမှုဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်သူအပါအဝင် ၃ ဦးကို ဧပြီ ၉ ရက်ညက ကရင်ပြည်နယ်၊ မြဝတီမှာ  ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့က ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့ကို ပြန်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024