Home
မြန်မာသတင်း
နိုင်ငံသားများ၏ အသက်အန္တရာယ် ကာကွယ်နိုင်ရေးအစွမ်းကုန်လုပ်နေဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
June 4, 2020
တပ်မတော်အနေနဲ့ နိုင်ငံသားတွေရဲ့ အသက်အန္တရာယ် ကာကွယ်နိုင်ရေးအတွက် စွမ်းအားရှိသမျှလုပ်ဆောင်ပေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ဇွန်လ ၃ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနဲ့ တခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး အဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့တာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တပ်မတော်အနေနဲ့ လူစွမ်းအား၊ ပစ္စည်းစွမ်းအားအပြင် တတ်နိုင်သမျှ အလှူငွေတွေ ထည့်ဝင်ပေးပြီး ရောဂါကာကွယ်ရေးမှာ အထောက်အကူပြုပေးနေကြောင်း၊ ရောဂါ ကာကွယ်ရေးအတွက် လိုအပ်တဲ့ Maskတွေ အရေအတွက်များစွာ ပေးလှူထားကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရာမှ  နိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ အဆင်သင့်ဖြစ်မှု လိုအပ်ချက်တွေကို တွေ့ရှိလာရကြောင်းနဲ့ ထာဝရကောင်းမွန်တဲ့ လူထုကျန်းမာရေးစနစ်မျိုး လုပ်ဆောင်သွားနိုင်ဖို့ လိုအပ်မှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။  ပြည်နယ်နဲ့ တိုင်းတွေအလိုက် လူနာများပြားတဲ့ ဆေးရုံတွေမှာ တန်ဖိုးသင့် ထမင်း၊ ဟင်းလျာတွေ ရောင်းချပေးခြင်းအားဖြင့် လူနာတွေ၊ လူနာစောင့်တွေနဲ့ ကျန်းမာရေးဝန်ထမ်း တွေအတွက် အကျိုးရှိစေမယ်လို့လည်း ပြောပါတယ်။ ဇူလိုင် ၂၁ ရက်မှာ ကျောင်းတွေ ဖွင့်လှစ်မှာဖြစ်လို့  ကျောင်းသား၊ ကျောင်းသူတွေအတွက် Mask တွေကိုလုံလုံခြုံခြုံ၊ တန်ဖိုးအနည်းဆုံးနဲ့ ကြာကြာသုံးနိုင်ဖို့ အဓိကထား ချုပ်လုပ်ဖြန့်ဝေပေးဖို့နဲ့ ကျရောက်လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တို့အတွက် ကြိုတင်ကာကွယ်ပြင်ဆင် ဆောင်ရွက်ကြဖို့လည်း  အစည်းအဝေးတက်ရောက်လာတဲ့ တပ်မတော် အရာရှိကြီးတွေကို  ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပြောသွားပါတယ်။  ကျောင်းသား၊ ကျောင်းသူတွေနဲ့ နှာခေါင်းစည်း Mask နဲ့ Face Shield မျက်နှာအကာတွေကို  တပ်မတော်အထည်ချုပ် စက်ရုံတွေမှာ ချုပ်လုပ်နေသလို PPE ဝတ်စုံတွေလည်း ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ- CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024