Homeမြန်မာသတင်း
စစ်ကိုင်းတိုင်း ဝင်ပေါက်များမှလွဲ၍ မြို့ဝင်၊ ရွာဝင် ကိုဗစ်စစ်ဆေးရေးဂိတ်များ ဖျက်သိမ်း
စစ်ကိုင်းတိုင်း ဝင်ပေါက်များမှလွဲ၍ မြို့ဝင်၊ ရွာဝင် ကိုဗစ်စစ်ဆေးရေးဂိတ်များ ဖျက်သိမ်း
Aung Ko Latt
·
June 4, 2020
စစ်ကိုင်းတိုင်းအတွင်းရှိ နယ်စပ်ဝင်ပေါက်နေရာတွေကလွဲလို့ တခြားမြို့ဝင်၊ ရွာဝင် ကိုဗစ် စစ်ဆေးရေးဂိတ်တွေကို ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။
တိုင်းကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီရဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ အခုလို ညွှန်ကြားတာဖြစ်ပြီး မြို့ရွာမြို့ရှိ မြို့ဝင်စစ်ဆေးရေးဂိတ် ၅ ခုကိုလည်း ဇွန် ၄ ရက်နေ့က စတင်ဖျက်သိမ်းလိုက်ပါတယ်။
မုံရွာမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က "မုံရွာမှာတော့ အားလုံး ဂိတ် ၅ ဂိတ်ရှိတယ်။ အခုကတော့ တိုင်းဒေသကြီး ကိုဗစ် ၁၉ ထိန်းချုပ်ရေးကော်မတီကနေ စာထွက်လာတယ်။ တိုင်းဒေသကြီးကို အဓိကဝင်ထွက်နိုင်တဲ့ မြို့နယ်တွေမှာသာ ကျန်းမာရေး စစ်ဆေးမှုကို ဆောင်ရွက်ဖို့ဆိုပြီး စာထွက်လာတဲ့အတွက် ဒီဂိတ်တွေကို ဖြုတ်သိမ်းဆောင်ရွက်တာပါ။ ပြည်တော်ပြန်တွေရောက်ရှိလာရင်တော့ စစ်ကိုင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်ကနေတဆင့် သက်ဆိုင်ရာမြို့နယ်တွေကို ဖြန့်ခွဲပေးပို့သွားမှာပါ။ ဒီဂိတ်တွေဖြုတ်သိမ်းတဲ့အတွက် ကျန်းမာရေးအရ အရမ်းကြီး ခက်ခဲသွားတာမျိုး မရှိပါဘူး။" လို့ ပြောပါတယ်။
မုံရွာမြို့ဝင်ဂိတ်ကို ဖွင့်လှစ်ခဲ့တာတော့ ၂ လခွဲနီးပါးရှိသွားပြီဖြစ်ပါတယ်။ လက်ရှိမှာ ပြည်ပက ပြန်လာသူ နည်းလာတာ၊ ကိုဗစ်ကပ်ရောဂါကိုလည်း ထိုက်သင့်သလောက် ထိန်းလာနိုင်တာ စတာတွေကြောင့် အစိုးရကနေ ဖြေလျှော့မှုတရပ်အနေနဲ့ အခုလို လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
"မုံရွာမှာတော့ ပြည်ပက ပြန်လာသူတွေထားတဲ့ ကွာရင်တင်းစင်တာတွေမှာလည်း ၂ ကြိမ် စစ်ဆေးချက်တွေအရ ပိုးမတွေ့ရဘူး။ နောက်ထပ်လည်း ဝင်လာတာက နည်းတယ်။ ဒီရက်ပိုင်းတော့ ဝင်လာတာ ရှိဦးမယ်။ ဒါတွေကိုလည်း ပုံမှန်အတိုင်း အိုးအိမ်က နေရာတွေကို ပို့ဆောင်ပြီး ကြပ်မတ်စစ်ဆေးမှာဖြစ်လို့ ပြဿနာတော့ မရှိပါဘူး။" လို့ မြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး စေတနာ့ဝန်ထမ်း ဦးသန်းနိုင်ဦးက ပြောပါတယ်။
မြို့ဝင်စစ်ဆေးရေးဂိတ်တွေကို ဖြုတ်သိမ်းလိုက်ပေမယ့် ညမထွက်ရအမိန့်တွေ၊ ပါးစပ်/နှာခေါင်းစည်းတပ်ရေး စတဲ့ အမိန့်ကြေညာချက်တွေရှိနေသေးတာဖြစ်လို့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကတော့ ရှိနေဦးမယ်လို့ ဆိုပါတယ်။
လတ်တလောမှာ ကျန်းမာရေးအရ အထိုက်အလျောက် ထိန်းချုပ်နိုင်ပြီလည်းဖြစ်တဲ့အတွက် ဒီဂိတ်တွေ ပိတ်သိမ်းလိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာမှုတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေတော့ လျော့နည်းသွားမှာလည်း ဖြစ်ပါတယ်။