Homeမြန်မာသတင်း
ဖားဆောင်းမြို့နယ်၊ လိုခါးလိုကျေးရွာနေ ဆင်းရဲနွမ်းပါး အိမ်ထောင်စု ၁၀၀ အတွက် စားနပ်ရိက္ခာ ထောက်ပံ့
ဖားဆောင်းမြို့နယ်၊ လိုခါးလိုကျေးရွာနေ ဆင်းရဲနွမ်းပါး အိမ်ထောင်စု ၁၀၀ အတွက် စားနပ်ရိက္ခာ ထောက်ပံ့
နော်နိုရင်း
·
June 4, 2020
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု လိုခါးလိုကျေးရွာမှာ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း အလုပ်တွေပိတ်ထားရလို့ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ဆင်းရဲနွမ်းပါးအိမ်ထောင်စုတွေကို လိုခါးလိုလူမှုကူညီရေးအသင်းက အခြေခံစားသောက်ကုန်တွေ လိုက်လံ ကူညီပေးနေပါတယ်။
လိုခါးလိုလူမှုကူညီရေးအသင်းက ဦးဆောင်ပြီး ကျေးရွာအတွင်း တတ်နိုင်တဲ့အိမ်ထောင်စုတွေရဲ့ ထည့်ဝင်လှူဒါန်းငွေနဲ့ ဆင်းရဲနွမ်းပါးအိမ်ထောင်စုတွေအတွက် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနဲ့ ကြက်သွန် ၅ မျိုးကို ကူညီပေးတာဖြစ်ပါတယ်။
စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး အစိုးရထံက အကူအညီ အထောက်အပံ့မရတဲ့ နွမ်းပါး မိသားစု ၁၀၀ ကျော်အတွက် မိသားစု တစ်စုကို ဆန် ၁ ပုံး၊ ဆီ ၃၀ ကျပ်သား၊ ဆားတထုတ်၊ ကြက်သွန် ၅၀ သားနဲ့ ကြက်ဥ ၁၀ လုံးစီ အိုင်တိုင်ရာရောက် ပေးဝေလှူဒါန်းခဲ့တာလို့ လိုခါးလိုလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လိုခါးလိုကျေးရွာမှာ အိမ်ခြေ ၅၀၀ လောက်ရှိပြီး အဲဒီထဲက မုဆိုးမနဲ့ဆင်းရဲနွမ်းပါးမိသားစု ၁၅၀ လောက်နေထိုင်ကြတယ်လို့ သိရပါတယ်။