မကွေးမြို့နယ် ကျေးရွာအချို့တွင် ပြည်သူ ၁၀,၀၀၀ ကျော် သောက်သုံးရေ အခက်အခဲကြုံတွေ့
DVB
·
June 4, 2020
မကွေးမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ ပြည်သူ ၁၀၀၀၀ ကျော်လောက်ဟာ သောက်သုံးရေရှားပါးမှုနဲ့ ကြုံတွေ့နေရပြီး သန့်ရှင်းမှုမရှိတဲ့ ကန်ရေကို သောက်သုံးနေရလို့ ကျန်းမာရေးထိခိုက်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
မကွေးမြို့နယ် လင့်မြင့်အုပ်စု လက်ဆယ်ကန်ကျေးရွာမှာရှိတဲ့ ရေကန်ကရေကို လင့်မြင့်အုပ်စုတွင်း ၈ ရွာ၊ ညောင်ကန်အုပ်စုတွင်း ၃ ရွာနဲ့ အနီးကျေးရွာတွေက ပြည်သူ ၁၀၀၀၀ ကျော် သုံးရေသောက်ရေအဖြစ် အသုံးပြုနေရတာပါ။
အပူပိုင်းဒေသဖြစ်သလို မိုးနည်းပါးလာတာကြောင့် ရေခန်းခြောက်လာကာ နှုန်းရေတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီ မသန့်ရှင်းတဲ့ရေကို အသုံးပြုတဲ့ ပြည်သူတွေဟာ ဝမ်းပျက်ဝမ်းလျော ဖြစ်မှာနဲ့ ကျန်းမာရေးထိခိုက်လာမှာကို စိုးရိမ်နေကြတယ်လို့ လက်ဆယ်ကန်ရွာနေ ဦးမြင့်က ပြောပါတယ်။
“ကျေးရွာပေါင်း ၁၅ ရွာလောက်က သုံးတာ၊ ကားတွေနဲ့လာကြတယ်၊ ရေနည်းပြီး ရေနောက်လာတော့ ကျန်းမာရေးပါ စိုးရိမ်လာရတယ်” လို့ ပြောပါတယ်။
လက်ဆယ်ကန်ရွာနေ ဒေါ်ခင်မာကြည်က “ကျမတို့ အဘိုးအဘွားတွေ လက်ထက်ကတည်းက ကန်ကို သုံးလာတာ လေးငါးရက်လောက် ရေကို ကျောက်ဆည်တွေ စဉ့်အိုး တွေထဲထည့်ပြီးမှ သုံးရတယ်၊ တန်းသုံးမရဘူး။ ရေတွေနည်းလာတော့ မကောင်းတော့ဘူး၊ မကောင်းတဲ့ရေတွေ သောက်နေရတော့ ဝမ်းပျက်ဝမ်းလျောနဲ့ ကျန်းမာရေးတွေ ထိလာတယ်။ တာဝန်ရှိသူတွေအနေနဲ့ ကန်ကြီးကို တူးဖော်ပေး ဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
ကုလသမဂ္ဂ အစီအစဉ်နဲ့ ရေစစ်ကန်နဲ့ စက်ရေတွင်းတွေ တူးပေးခဲ့ပေမယ့် ရေထွက်အားနည်းပြီး သုံးမရတော့ဘူးလို့ သိရပါတယ်။
လက်ဆယ်ကန်ကျေးရွာ ရွာခွဲတာဝန်ခံ ဦးဆင့်က “မကွေးတိုင်းဒေသကြီးမှာ ၂၀၁၉/၂၀၂၀ မှာ ကျေးရွာတွေ ရေတွင်းရေကန်တူးဖော်ဖို့အတွက် ကျပ်သန်းပေါင်း ၂၉၀၀ ကျော်ချပေးတယ်လို့ သိ ရတယ်။ ကျနော်တို့ ကျေးရွာနဲ့ မကွေးနဲ့ဆို ၁၈ မိုင်လောက် ဝေးတာပါ။ ကျေးလက်ဌာနက ဒီကန်ကြီးကို မသိတာလား၊ ကျပ်သန်းပေါင်း၂၉၀၀ ထဲမှာ ဒီကန်ကြီးအတွက် ပါစေချင်တာပါ။ ကျေးလက်က ပညာရှင်တွေနဲ့ လာရောက်ကြည့်ပြီး ကန်ကြီးကို မွမ်းမံစေချင်တယ်၊ ဆောင်ရွက်စေချင်တယ်” လို့ ပြောပါတယ်။
မကွေးတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းအတွင်း ကျေးရွာတွေမှာ သောက်သုံးရေရရှိရေးအတွက် လုပ်ငန်းပေါင်း ၁၇၈ ခုကို ကျပ်သန်းပေါင်း ၂၉၀၀ ကျော်ကုန်ကျခံခဲ့ပြီး လုပ်ဆောင်ပေးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။
ဒါပေမဲ့ မကွေးမြို့နယ်နဲ့ နတ်မောက်မြို့နယ်အတွင်း ကျေးရွာအတော်များများမှာ အကောင်အထည်ဖော် မပေးသေးတာကြောင့် ရေရှားပါးပြတ်လပ်ပြီး သောက်သုံးရေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာလို့ သိရပါတယ်။
သတင်း/ ဓာတ်ပုံ-ဘဦး