ဘန်ကောက်မြို့ရှိ ရုပ်ရှင်ရုံများကို ကျန်းမာရေးလုံခြုံစိတ်ချရမှု စစ်ဆေး

ကိုဗစ်-၁၉ လော့ခ်ဒေါင်းဖြေလျှော့မှုအပြီး ပြန်လည်ဖွင့်လှစ်တော့မယ့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရုပ်ရှင်ရုံတွေကို ကျန်းမာရေးလုံခြုံစိတ်ချရမှု ရှိ၊ မရှိ စစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ သည်နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ပြည်သူ့ရေးရာ၊ မြို့ပြနဲ့ ကျေးလက်စီမံကိန်းဦးစီးဌာနအနေနဲ့ ဆီကွန်ဘန်ခဲဒေသတွင်းက ရုပ်ရှင်ရုံတွေကို စစ်ဆေးခဲ့ပြီး လာမယ့် စက်တင်ဘာလမတိုင်ခင် ဘန်ကောက်မြို့ဧရိယာအတွင်းက  ရုပ်ရှင်ရုံပေါင်း ၅၇ ရုံထက်မနည်းကို စစ်ဆေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံတဝန်း အစိုးရက ကိုဗစ်-၁၉ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ပြီးနောက် ရုပ်ရှင်ရုံတွေအားလုံးကို ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က စတင်ပြီးတော့ ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ အဆောက်အအုံထိန်းချုပ်ရေးဗျူရိုမှ အကြီးတန်းမြို့ပြအင်ဂျင်နီယာ ပွန်ချိုင် ဆန် ဆရီက “ကျနော်တို့အနေနဲ့ အသင့်ပြင်ဆင်ထားနိုင်မယ့် လျှပ်စစ်ဓာတ်အားပေးစနစ်၊ မီးဘေးအချက်ပြစနစ်၊ အရေးပေါ်ထွက်ပေါက်လို လုံခြုံမှုစနစ်တွေကို စစ်ဆေးသွားပါမယ်။ ဒါတွေအားလုံးကို လာမယ့် စက်တင်ဘာလမတိုင်ခင်မှာ အပြီးလုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။ ဒီစစ်ဆေးမှုတွေနဲ့ တပြိုင်တည်းမှာပဲ ရုပ်ရှင်လာရောက်ကြည့်ရှုကြသူတွေရဲ့ ကျန်းမာရေးဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးတိုင်းတာမှုတွေ၊ ဘေးကင်းလုံခြုံမှု အစီအအမံတွေနဲ့ စိတ်ချယုံကြည်ရစေဖို့ ဖြည့်စွက်လုပ်ဆောင်မှုတွေလည်း လုပ်ဆောင်သွားဖို့ ရှိနေတာပါ။ လက်ရှိမှာတော့ ရုပ်ရှင်ရုံတွေထဲမှာ လူမှုအလှမ်းခွာ စည်းမျဉ်းတွေအတိုင်း ခုံတွေကို နေရာပြန်လည်ချထားမှုတွေအပါအဝင် ရုပ်ရှင်မစတင်ခင်နဲ့ ကြည့်ရှုမှုအပြီး တယောက်နဲ့တယောက် စည်းမျဉ်းစဉ်းကမ်းတွေနဲ့ လိုက်နာနိုင်ဖို့လည်း စီစဉ်နေတယ်လို့ ဆို ပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ ၃,၀၈၄ ယောက်ရှိပြီး  ၅၈ ယောက်သေဆုံးခဲ့ကာ ၂,၉၆၈ ယောက် ပြန်လည်သက်သာပျောက်ကင်းလာခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up