ရိုက်လက်စ နာမည်ကြီး လင်းနို့လူသားရုပ်ရှင် The Bat Man ရိုက်ကူးရေး ဇူလိုင်လ ပြန်စမည်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ရတဲ့ နာမည်ကြီး လင်းနို့လူသားရုပ်ရှင် The Bat Man အပါအဝင် ဗြိတိန်နိုင်ငံမှာ ရိုက်ကွင်းတည်ထားခဲ့တဲ့ တခြားရုပ်ရှင်ကားတွေရဲ့ ရိုက်ကူးရေး လုပ်ငန်းတွေကို မကြာခင်မှာ စတင်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ဗြိတိန်အစိုးရရဲ့ လော့ခ်ဒေါင်းကာလ ဖြေလျှော့မှုအပြီးမှာ ထွက်လာတဲ့ သတင်းတပုဒ် ဖြစ်ပြီး ဘေးကင်းစိတ်ချရတဲ့ ညွှန်ကြားချက်တိုင်းတာမှုတွေနဲ့အတူ ရိုက်ကူးခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ကြော်ငြာထားတာပါ။ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတလွှား ရုပ်ရှင်ထုတ်လုပ်ရေး၊ ရိုက်ကူးရေးလုပ်ငန်းတွေကို ရိုက်ခတ်ခဲ့ပြီး လန်ဒန်မှာ ရိုက်ကူးနေတဲ့ The Bat Man ရုပ်ရှင်ကတော့ ရိုက်နေဆဲတန်းလန်း အခြေအနေနဲ့ ရပ်နားထားခဲ့ရတာ ဖြစ်ပါတယ်။ နာမည်ကြီး ဂါးဒီးယန်းသတင်းတပုဒ်မှာတော့ The Bat Man အပါအဝင် ဗြိတိန်မှာ ရိုက်ကွင်း တည်ထားတဲ့ Fantastic Beasts ရုပ်ရှင်ကားတွေကို ဇူလိုင်လထဲမှာ ဗြိတိန်ရုပ်ရှင်လုပ်ငန်းကော်မရှင်ရဲ့ ချမှတ်ထားတဲ့ လူမှုအလှမ်းခွာမှုနဲ့ ဘေးကင်းစိတ်ချရတဲ့ လေ့ကျင့်မှုတွေ၊ ခန္ဓာကိုယ်အပူချိန် တိုင်းတာတာမျိုးတွေ စတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ ဇူလိုင်လထဲမှာ ခွင့်ပြုသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ နာမည်ကျော် ဒီစီကောမစ်အခြေခံ အမေရိကန် စူပါဟီးရိုးရုပ်ရှင်ကားတကားဖြစ်တဲ့ The Bat Man ရုပ်ရှင်ကိုတော့  Dawn of the Planet of the Apes(2014) နဲ့ War for the Planet of the Apes(2017) ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Matt Reeves က ရိုက်ကူးနေတာဖြစ်ပြီး အဓိကဇာတ်ကောင် လင်းနို့လူသားအဖြစ် သရုပ်ဆောင်မင်းသား Robert Pattinson နဲ့ Catwoman အဖြစ် မင်းသမီး Zoe Kravitz တို့က ပါဝင်ထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up