ပီရူးနိုင်ငံတွင် တအိမ်တက်ဆင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေး

ပီရူးအာဏာပိုင်တွေဟာ လီမာမြို့တော်က ရပ်ကွက်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူး၊ မကူး အမြန်စစ်ဆေးတဲ့နည်းနဲ့ ဇွန် ၂ ရက်ကစပြီး တအိမ်တက်ဆင်း ဆေးစစ်နေပါတယ်။ ပီရူးနိုင်ငံဟာ လက်တင်အမေရိကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအမြင့်ဆုံးနဲ့ ကမ္ဘာ့ကူးစက်မှု အမြင့်ဆုံး အဆင့် ၁၀ နိုင်ငံ ဖြစ်လာလို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ဖြစ်နိုင်ခြေကို စစ်ဆေးနေတာပါ။ အစိုးရဟာ တရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူး၊ မကူး အမြန်စစ်ဆေးမှု အကြိမ်ရေ ၅၀,၀၀၀ နီးပါး ဆောင်ရွက်ခဲ့တယ်လို့ သမ္မတက မေ ၃၀ ရက်မှာ ပြောပါတယ်။ လူအယောက် ၁ သိန်းကျော်ကို စစ်ဆေးပြီးဖြစ်လို့ ဒေသတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စစ်ဆေးတာ အမြင့်ဆုံးနိုင်ငံလည်း ဖြစ်လာပြီလို့ သမ္မတက ဆက်ပြောပါတယ်။ ပီရူး ကာကွယ်ရေးဝန်ကြီးက “ရရစားစား ပြည်သူတွေအတွက် ရောဂါခြေချုပ် ကန့်သတ်ချက်ဟာ အခက်အခဲ ဖြစ်စေတယ်ဆိုတာ အစိုးရက နားလည်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ရေးဟာ  ဇွန် ၂ ရက်နှောင်းပိုင်း အစိုးရ ထိပ်သီးညီလာခံအတွင်း ဆွေးနွေးမယ့် လုပ်ငန်းစဉ် ဖြစ်တယ်” လို့  ပြောပါတယ်။  ပီရူးနိုင်ငံမှာ ဇွန် ၁ ရက်ထိ အတည်ပြုထားတဲ့ ကူးစက်ခံဦးရေဟာ ၁၇၀,၀၀၀ ကျော်ခဲ့ပြီး ကူးစက်ခံ ၄၆၃၄ ယောက် သေဆုံးခဲ့တယ်လို့ အစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up