Home
မြန်မာသတင်း
အေအေအဖွဲ့ဖမ်းဆီးသွားသည့် အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ALP/ALA တောင်းဆို 
DVB
·
June 3, 2020
အစိုးရနဲ့ အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် ALP/ALA အဖွဲ့ဝင် ၃ ဦးကို အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အကြောင်းနဲ့  အမြန်ဆုံးပြန်လွှတ်ပေးဖို့  ALP/ALA က တောင်းဆို လိုက်ပါတယ်။  ALP/ALA အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ပေါက်တောမြို့နယ်၊ ရဗက်ချိုင်ကျေးရွာက ခိုင်မောင်ခင်ဝင်းနဲ့ ခိုင်မောင်လုံးတို့ ၂ ဦးကို အေအေ အဖွဲ့ဝင် ၁၅ ယောက်က ပြီးခဲ့တဲ့ မေလ ၂၃ ရက်က သူတို့နေအိမ်ကနေ ဖမ်းသွားသလို တောင်ကုတ်မြို့မှာ နေထိုင်တဲ့ ခိုင်ဝင်းလှိုင်ကိုလည်း မေလ ၃၁ ရက်က ဖမ်းဆီးသွားခဲ့တယ်လို့ ALP/ALA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခိုင်စိုးမြက ဒီဗွီဘီကို ပြောပါတယ်။  “ပေါက်တောမြို့နယ်က ကျနော်တို့ရဲဘော် နှစ်ယောက် အဖမ်းခံရလို့ သူတို့လွတ်မြောက်ရေး အတွက် ကြားခံလူကနေတဆင့် ဆက်သွယ်ကြိုးစားနေတုန်းမှာပဲ မေလ ၃၁ ရက်နေ့က တောင်ကုတ်က ခိုင်ဝင်းလှိုင်ကို ထပ်ဖမ်းတယ်။ သူ့ကိုမဖမ်းခင် ၃ ရက်လောက်အလိုက အေအေ အဖွဲ့ဝင်တွေက လာခြိမ်းခြောက်တယ်လို့ပြောတယ်။ လာဖမ်းတဲ့နေ့မှာတော့ လူ ၆ ယောက် ဆိုင်ကယ် ၆ စီးနဲ့လာပြီး အမျိုးသားလုံခြုံရေးအဖွဲ့ဝင် ဟန်ဆောင်ပြီးဖမ်းတယ်။ အစက ဗမာစကားပြောတယ်၊ သေနတ်နဲ့လည်းခြိမ်းခြောက်တယ်၊ အိမ်အောက်ရောက်မှ ရခိုင်စကား ပြောတယ်။ ပြီးတော့ အဲဒီညနေပိုင်းမှာဘဲ တောင်ကုတ်မြို့နယ် အမျိုးသားလုံခြုံရေးအဖွဲ့အစည်းက ခိုင်ဝင်းလှိုင်ကို သုတ်သင်လိုက်ပြီလို့ ထုတ်ပြန်ချက်တစ်စောင်ပေါ်လာတယ်။ အေအေနဲ့ အမျိုးသားလုံခြုံရေးအဖွဲ့က ဘယ်လိုဆက်စပ်လဲ ဆိုတာ ကျနော်တို့လည်း စဉ်းစားမရဘူး။” ဒီကိစ္စနဲ့ ပတ်သက်ပြီး ခိုင်ဝင်းလှိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်းကလည်း အမည်မသိ လက်နက်ကိုင်လူတစ်စုက သူမခင်ပွန်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒီဗွီဘီကို ပြောပါတယ်။  “၃၁ ရက်နေ့ ည ၈ နာရီကျော်လောက်က နေအိမ်ရှေ့ကို ဆိုင်ကယ် နှစ်စီးလာရပ်တယ်။ ပြီးတော့ ခြံထဲကိုအရပ်ဝတ်ဝတ်ထားတဲ့ လူ သုံးယောက်ဝင်လာကြတဲ့အထဲမှာ သေနတ်နဲ့တစ်ယောက် ပါလာတယ်။ ခြံပြင်မှာက သေနတ်နဲ့တစ်ယောက် ဓားနဲ့တစ်ယောက်ကျန်ခဲ့တယ်။ ကျမတို့အိမ်ကိုလာ ပြီးတော့ အမျိုးသား ၃ ယောက်ဝင်လာပြီးတော့ ကျမအမျိုးသားကို ဆွေးနွေးစရာရှိလို့ ထွက်ခဲ့ဆိုပြီးပြောလို့ ကျမအရင်ထွက်သွားပြီးတော့ ဘယ်ကလဲလို့မေးကြည့်တော့ ဗမာစကားနဲ့ တပ်က စစ်ဆေးမေးမြန်းစရာရှိလို့ လိုက်ခဲ့ပါဆိုပြီးတော့ ပြောတယ်။ ကျမ အမျိုးသားအောက်ကို ဆင်းတော့သူတို့ကလက်ကို တစ်ယောက်တစ်ဖက်စီကိုင်ပြီး ခေါ်သွားပြီးကြတယ်။ ဆိုင်ကယ်နားကိုရောက်တော့ လက်ထိပ်နောက်ပြန်ခတ်ပြီးတော့ ရှေ့ကဆိုင်ကယ်ကို တစ်ယောက်ကမောင်းပြီး ကျမအမျိုးသားကိုအလယ်ကထားပြီး ဖမ်းခေါ်သွားတယ်။” ဖမ်းဆီးခံရသူ ခိုင်ဝင်းလှိုင်မှာ အရင်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှာ ပါတီဝင် အဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန် နေအိမ်မှာဆေးခန်းဖွင့်လှစ်ပြီး ဆေးကုသပေး နေကာ ရိုးရိုးသားသားလုပ် ကိုင်စားသောက်နေတာဖြစ်တဲ့အတွက် ဘယ်အဖွဲ့အစည်းက ဘာကြောင့် ဖမ်းဆီးသွားသလဲဆိုတာ မသိရတာကြောင့် စိုးရိမ်ပူပန်နေတယ်လို့လည်း ဇနီးဖြစ်သူက ပြောပါတယ်။ ခိုင်ဝင်းလှိုင်အဖမ်းခံရပြီး အဲဒီညမှာပဲ သူ့ကို ခေါင်းရောင်းခေါင်းဝယ်စနစ်နဲ့ သုတ်သင်လိုက်ကြောင်း တောင်ကုတ်မြို့နယ် အမျိုးသားလုံခြုံရေးအဖွဲ့ အစည်းရဲ့အမည်နဲ့ ကြေညာ ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။  တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်ကတော့ အဆိုပါလုပ်ရပ်ဟာ ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ခိုင်ဝင်းလှိုင်သေတဲ့ကိစ္စ အမှုဖွင့်တာတော့ မရှိသေးဘူးလို့ ဒီဗွီဘီကို ပြောပါ တယ်။   “ဆားပြင်မှာ ကိုဝင်းလှိုင်ဆိုတဲ့လူတစ်ယောက်ကို အကြမ်းဖက် အဖွဲ့ကနေဖမ်းသွားတယ်။ အဲဒီအဖွဲ့ကိုလည်းပဲ အကြမ်းဖက်အဖွဲ့လို့ပဲသတ်မှတ်ရမှာပေါ့။ သူတို့ကသတ်လိုက်ပြီဟေ့ပြောပြီး တော့ လူတွေကို အလကားနေရင်းသတ်နေကတည်းကတော့ သူတို့ကငြိမ်းချမ်းရေးအဖွဲ့လည်း မဟုတ်၊ ဘာသာရေးအဖွဲ့လည်းမဟုတ်၊ သတ်ပစ်လိုက်ပါတယ်ဟေ့ဆိုကတည်းက အကြမ်းဖက်အဖွဲ့ ပေါ့။ အစိုးရတောင်မှ ဥပဒေနဲ့အညီ စစ်ဆေးအရေးယူ၊ အပြစ်ရှိရင် အပြစ်ရှိသလောက်ပဲ အခုကတော့ ခေါင်းရောင်းခေါင်းဝယ် လုပ်မယ်ဆိုပြီးတော့ ကြေညာ ထားတဲ့အဖွဲ့ပဲ၊ သူဦးသူသတ်၊ ကိုယ်ဦး ကိုယ်သတ်ပေါ့၊ အကြမ်းဖက်အဖွဲ့ပဲပေါ့။ အခု အချိန်ထိတော့ အမှုမဖွင့်ရသေးဘူး။” အေအေအဖွဲ့ကတော့ ခိုင်ဝင်းလှိုင်ဖမ်းဆီးခံရတဲ့ကိစ္စ သူတို့နဲ့မပတ်သက်ဘူးလို့  ရက္ခိုင့်တပ်တော် (အေအေ)အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက  ပြောပါတယ်။  “ခိုင်ဝင်းလှိုင်ဖမ်းသွားတဲ့ကိစ္စ ကျနော်တို့အဖွဲ့နဲ့ ဘာမှပတ်သက်မှုမရှိဘူး။ ကျနော်တို့ဘက်က အဲလိုလုပ်တာလည်း မရှိဘူး။ တောင်ကုတ်ဒေသဆိုတာက နိုင်ငံရေးပြိုင်ဘက် အချင်းချင်းကြားမှာ အားပြိုင်မှုတွေရှိတဲ့နေရာဖြစ်တယ်။  တဘက်နဲ့တဘက်ချောက်တွန်းဖို့ ကြိုးစားနေကြတာတွေ လည်း အများကြီးရှိတယ်။ ဥပမာ ကြံ့ခိုင်ရေးလို ပါတီမျိုးက သူတို့ရဲ့စွမ်းအားရှင်အဖွဲ့တွေကို အသုံးချပြီးတော့မှ သူတို့မကြိုက်တဲ့သူတွေကို ဖမ်းဆီးပြီးတော့မှ အစဖျောက်တာတွေ လည်းရှိတယ်။ အဲဒီနေရာက မြန်မာစစ်တပ်ဘက်ကလည်း အများကြီးလှုပ်ရှားတယ်။ ခိုင်ဝင်း လှိုင်ပျောက်ဆုံးတဲ့ကိစ္စဟာ အဲဒီကိစ္စတွေနဲ့ဘဲ ဆက်စပ်ပါလိမ့်မယ်။  ကျနော်တို့နဲ့တော့ ဘာမှပတ်သက်မှုမရှိဘူးဗျ”   ALP/ALA ဘက်ကတော့ သူတို့ ပါတီဝင် ၂ ဦး အဖမ်းခံရတာရော ၊ ခိုင်ဝင်းလှိုင်အဖမ်းခံရတဲ့ ကိစ္စမှာပါ အေအေအဖွဲ့ပါဝင်ပတ်သက်တယ်လို့ ထုတ်ပြန်ကြေညာထားပြီး အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။  ALP/ALA  နဲ့ အေအေ အဖွဲ့ဟာ မူဝါဒကွဲပြားပေမယ့် ရက္ခိုင့်အမျိုးသားရေးအတွက် ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းဖြစ်ကြောင်း ၊ အမျိုးသားရေးကို ရှေးရှုပြီး ဖမ်းဆီးသွား တဲ့သူတွေကို ဘေးမသီရန်မခ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောပါတယ်။  ဒါ့အပြင် ALP/ALA ဟာ အစိုးရနဲ့ အန်စီအေ အပစ်ရပ်စာချုပ် ချုပ်ထားပြီး အစိုးရအုပ်ချုပ်ရေးနယ်မြေရှိ ALP/ALA အဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအတွက် အစိုးရက တာဝန်ယူပေးမယ်လို့ ပြောဆိုထားခဲ့ကြောင်း၊ ဒါပေမယ့် အခုလိုဖမ်းဆီးခံနေရတာတွေ ရှိနေတယ်ဆိုရင် မိမိလုံခြုံရေးအတွက် မိုဘိုင်းလှုပ်ရှားမှု ပြန်လုပ်ဆောင်ဖို့ စဉ်းစားရမယ်လို့ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောပါတယ်။  တောင်ကုတ်မြို့နယ်မှာ အခုနှစ် အစောပိုင်းက နိုင်ငံရေးပါတီဝင်တချို့ ဖမ်းဆီးခံရတာရှိခဲ့သလို  အရပ်ဘက်အဖွဲ့အစည်းတွေမှာတက်ကြွစွာ ပါဝင်လှုပ်ရှားနေသူတွေလည်း သံသယနဲ့ဖမ်းဆီးခံခဲ့ရပြီး အဆက်အသွယ်မရလို့  မိသားစုဝင်တွေ စိုးရိမ်နေပါတယ်။ သတင်း- နန်းမြနဒီ/ နောင်နောင် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024