Home
မြန်မာသတင်း
ရန်ကုန်တိုင်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဘတ်ဂျက် ငွေကျပ် ၉၂၀ ဘီလီယံ ကျော်ရှိ
ဇေယျာချမ်းအေး
·
June 3, 2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ရသုံးငွေစာရင်းကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်အကြံပြုပေးဖို့ ရန်ကုန်တိုင်းအစိုးရက လွှတ်တော်မှာ ဇွန်လ ၂ ရက်နေ့က တင်ပြလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီရဲ့ စိစစ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရငွေစာရင်းဟာ ငွေကျပ် ၉၂၀  ဘီလီယံ ကျော်ရှိလာမှာပါ။  အဲဒီအထဲမှာ ပြည်ထောင်စုက လိုငွေအတွက် ထောက်ပံ့ငွေ ကျပ် ၁၃၇ ဒသမ ၇၉၄ ဘီလီယံ၊ ပြည်ထောင်စုက ခွဲဝေပေးတဲ့ အခွန်ဝေစု ငွေ ကျပ် ၂၄၈ ဒသမ ၁၄၆ ဘီလီယံ၊ အရေးပေါ်  ရန်ပုံငွေ ကျပ် တစ်ဘီလီယံ၊ ဌာနအဖွဲ့အစည်းတွေဆီက အခွန်အကောက်ရငွေ ကျပ် ၇၂ ဒသမ ၄၄၉ ဘီလီယံ၊ အခြားသာမန်ရငွေ ကျပ် ၁၅၀ ဒသမ ၉၆၁ ဘီလီယံ၊ ငွေလုံးငွေရင်းရငွေ ကျပ် ၅ ဒသမ ၉၈၈ ဘီလီယံနဲ့ကြွေးမြီရငွေ ကျပ် ၃၀၃ ဒသမ ၈၃၀ ဘီလီယံ တို့ပါဝင်ပါတယ်။  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သုံးငွေ စုစုပေါင်းဟာ ငွေကျပ် ၉၂၀ ဒသမ ၁၆၈ ဘီလီယံ ဖြစ်တဲ့အတွက် ဘက်ညီဘတ်ဂျက်ဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရ စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးဟန်ထွန်းက ဇွန်လ ၂ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ လွှတ်တော်ကိုတင်ပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ရသုံးငွေစာရင်းနဲ့ ပတ်သက်ပြီး ဝေဖန်အကြံပြု ချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ ဝေဖန်အကြံအပြု ဆွေးနွေးချက်တွေကို ဆက်လက်ကျင်းပမယ့် တိုင်းလွှတ်တော် အစည်းအဝေးတွေမှာ ခွင့်ပြုသွားမယ်လို့ ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောပါတယ်။ အန်အယ်လ်ဒီအစိုးရစတင်တာဝန်ယူခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းအစိုးရဟာ ငွေကျပ် ဘီလီယံ ၄၀၀ကျော်သာ သုံးစွဲနိုင်ခဲ့ပေမယ့် ၂ နှစ်ကျော်အကြာမှာတော့ ငွေကျပ်ဘီလီယံ ၆၀၀ ကျော်အထိသုံးစွဲ နိုင်ခဲ့ပါတယ်။  အခု ဒုတိယအကြိမ်တိုင်းလွှတ်တော် နောက်ဆုံးသက်တမ်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ငွေကျပ် ဘီလီယံ ၉၀၀ ကျော်အထိတိုးမြှင့်သုံးစွဲလာနိုင်တာပါ။  အခုလို ဘတ်ဂျက်တိုးမြှင့်သုံးစွဲနိုင်တာဟာ ငွေပိုရှာနိုင်လို့ဖြစ်ပြီး ပြည်သူတွေအတွက် ပိုသုံးနိုင်တဲ့အတွက် အကျိုးရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီဒီယာတွေကို ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024