ကျောက်ဖြူမြို့က သံသယလူနာ ၄ ဦးအပါအဝင် ၇၀ ခန့်တွင် ကိုဗစ်-၁၉ ရောဂါ မတွေ့ရှိ
DVB
·
June 3, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က သံသယလူနာ ၄ ဦးအပါ လူပေါင်း ၇၀ နီးပါးရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်ကိုပို့ဆောင်စစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါ မတွေ့ရှိဘူးလို့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံက သိရပါတယ်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ မလေးရှားနိုင်ငံက ပြန်လာတဲ့ သံသယလူနာ ၄ ဦးရဲ့ ဒုတိယအကြိမ် ထပ်မံပို့ဆောင်စစ်ဆေးတဲ့ နမူနာအပါအဝင် ၆၉ ဦးရဲ့ ဓာတ်ခွဲ နမူနာတွေကို မေလ ၃၀ ရက်က ရန်ကုန်ကို ပို့ဆောင်စစ်ဆေးခဲ့ရာမှာ ၆၈ ဦးမှာတော့ ရောဂါပိုး မတွေ့ရှိရပဲ ကျန် တစ်ဦးကတော့ သိရသေးဘူးလို့ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စနေနေ့က စစ်ဆေးဖို့ ပို့လိုက်တာအကုန်လုံး ၆၉ ယောက်ပေါ့၊ အဲဒီမှာ ဟိုတစ်နေ့က ၆၄ ယောက်ရဲ့ အဖြေက (Negative) ထွက်တယ်၊ မနေ့ကကျန်တဲ့ ငါးယောက်မှာ လေးယောက် ထပ်ထွက်တယ်၊ (Negative)ပေါ့၊ တစ်ယောက်တော့ကျန်နေသေးတယ်၊ ဘယ်မှာကျန်နေလည်း နာမည်တွေဘာတွေ မှားလို့လားဆိုပြီးတော့ ပြည်နယ်ကိုမေးထားတယ်၊ ၆၈ ဦးကတော့ (Negative) ပါပဲ”
အဆိုပါစစ်ဆေးသူတွေထဲမှာ နိုင်ငံခြားက ပြန်လာသူတွေနဲ့ အသွားအလာ စောင့်ကြည့် ကန့်သတ်ထားသူတွေ အပါအဝင် နိုင်ငံခြားပြန်တွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ နမူနာတွေကိုပါပို့ဆောင် စစ်ဆေးခဲ့တာဖြစ်ပြီး အခုနောက်ပိုင်း အသွားအလာ စောင့်ကြည့်ကန့်သတ်ထားသူတွေအားလုံးကိုပါ စစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက “ မလေးရှားပြန်တွေကတော့ ဒုတိယ အကြိမ်ပြန်ယူတာပေါ့။ တခြားနိုင်ငံခြားပြန်တွေ အကုန်လုံးပါတယ်။ နောက်ပြီးတော့ မလေးရှားပြန်တွေနဲ့ ထိတွေခဲ့တဲ့လူတွေ အကုန်လုံးပေါ့၊ အဲဒီမှာ ထိတွေ့ခဲ့တဲ့ ဌာနဆိုင်ရာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအကုန်လုံးပါတယ်၊ အခု နောက်ပိုင်းတော့အကုန်လုံးစစ်မှာပါ၊ (FQ)ဝင်သမျှ လူပေါ့၊ အကုန်လုံးစစ်ရမယ်လို့ပြောတယ်၊ ကျန်တဲ့သူတွေလည်း စစ်ဦးမှာပါ၊ စစ်မယ့် ကိရိယာတွေက မပေးနိုင်သေးလို့စောင့်နေရသေးတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မေ ၁၁ ရက်က မလေးရှားနိုင်ငံကပြန်လာသူ ၉၇ ဦးရှိတဲ့အထဲမှာ သံတွဲမြို့နယ်က ၁ ဦးနဲ့ တောင်ကုတ်မြို့နယ်က ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။
သတင်း- နောင်နောင်