ရှေးရိုးရာဝတ်စုံ၊ နှာခေါင်းစည်း-Mask များဖြင့် ပြန်လည် စည်ကားသက်ဝင်နေသည့် အယုဒ္ဓယ မြို့ဟောင်း(ဓာတ်ပုံ)

ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ပြည်သူတွေဟာ ကိုဗစ် လော့ခ့်ဒေါင်းကာလအလွန် ပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဘုရားစေတီပုထိုးတွေဆီ ဖူးမြော်ဖို့ တခါပြန်လာရောက်နိုင်ကြပြီ ဖြစ်ပါတယ်။ လော့ခ်ဒေါင်းဖြေလျှော့မှုနဲ့အတူ သမားရိုးကျမဟုတ်တဲ့ ကြိုတင်ကာကွယ်မှုတွေအနေနဲ့ ဘုရားကျောင်းကန်တွေထဲ မဝင်ခင်မှာ ခန္ဓာကိုယ်အပူချိန်တိုင်းတာတာတွေ၊ နှာခေါင်းစည်း-Mask တွေ တပ်ဆင်ပြီးတော့ ဝင်ရတာမျိုး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ဦးရေဟာ ၃၀၀၀ ကျော် ရှိခဲ့ပြီး သေဆုံးသူ ၅၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။ တနင်္လာနေ့ကတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ထဲက ချိုင်ဝပ်ထာနရမ်ဘုရားကျောင်းထဲကို လာရောက်လည်ပတ်သူတွေ များစွာရှိနေခဲ့ပြီး ရိုးရာယဉ်ကျေးမှုနဲ့အညီ ဝတ်စားဆင်ယင်မှုတွေနဲ့ လာရောက်ကြတာကို တွေ့ရပါတယ်။ အနီးအနား ဘန်ကောက်မြို့က လာရောက်လည်ပတ်သူတယောက်ဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် အရီဆရာ ခေါင်ဆာအာ့ဒ်က “ကျမ အိမ်ထဲမှာ အချိန်အကြာကြီး နေခဲ့ရတော့ ခုလိုအပြင်ထွက် လျှောက်လည်ပြီး ဘုရားဖူးကုသိုလ်ယူ ဓာတ်ပုံရိုက်ချင်ခဲ့တာရှင့်”လို့ ပြောပါတယ်။ “ဒါပေမဲ့ ခုကာလမှာတော့ ကျမတို့အနေနဲ့ရော တခြားသူတွေပါ (ကျန်းမာရေး အသိ သတိနဲ့) နိုးနိုးကြားကြား ရှိနေကြရမှာကို နားလည်ထားပါတယ်။” ဒီဘုရားကျောင်းဝန်းကျင်တဝိုက် လွန်ခဲ့တဲ့ ကာလတွေအတွင်းမှာတော့ လာရောက်လည်ပတ်ကြတဲ့ လူတွေဟာ နာမည်ကြီး ထိုင်း သမိုင်းနောက်ခံဒရာမာရုပ်သံစီးရီးစ် Love Destiny ထဲကလို ရှေးဟောင်းရိုးရာဝတ်စုံတွေ၊ ပိုးခြုံထည်တွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေများတဲ့ ထင်ရှားတဲ့ နေရာတခုပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဝတ်စုံတွေထဲမှာတော့ ရှေးထိုင်းဘုရင်တပါးဖြစ်တဲ့ ၁၈၆၈ ခုနှစ်ကနေ ၁၉၁၀ ပြည့်နှစ်ထိ အုပ်ချုပ်စိုးစံခဲ့တဲ့ ရာမ ၅ ဘုရင် ချူလာလောင်ကွန်လက်ထက်က ဝတ်စုံတွေ ဖြစ်ကြပါတယ်။ ဘုရားကျောင်းကန်စေတီပုထိုးတွေ ပေါများတဲ့ ထိုင်းနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် တနိုင်ငံလုံး ဘုရားကျောင်း ၄ သောင်းလောက်ကို ပိတ်ထားခဲ့ရတာ ဖြစ်ပြီး ခုတစိတ်တပိုင်း ပြန်လည်ဖွင့်လှစ်ချိန်မှာတော့ ကျန်းမာရေးနဲ့အညီ စစ်ဆေးမှုတွေနဲ့ ကြပ်မတ်မှုတွေ လုပ်ဆောင်နေကြတာပါ။ ချိုင်ဝပ်ထာနရမ်ဘုရားကျောင်းကိုတော့ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကတည်းက ပြန်လည်ဖွင့်လှစ်ထားခဲ့ပေမယ့် လက်ရှိအချိန်မှာမှ ပြန်လည်စည်ကားစ ပြုလာခဲ့တာ ဖြစ်ပါတယ်။ ထီးဆောင်းထားပြီး နှာခေါင်းစည်း Mask တပ်ဆင်ထားတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး နမ်ထစ်ချီချာကတော့ သူ ဝတ်ထားတဲ့ အနီရောင် ထိုင်းပိုးဝတ်စုံနဲ့ ခုလို အကာအကွယ် နှာခေါင်းစည်းနဲ့ ဘယ်လိုမှ လိုက်ဖက်မနေဘူးလို့ ပြောပါတယ်။ “နှာခေါင်းစည်း Mask နဲ့ ဝတ်စုံနဲ့က ဘယ်လိုမှ မအပ်စပ်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တဖက်တလမ်းက ကူညီရာရောက်အောင် အသိစိတ်နဲ့ အကောင်းဆုံး လုပ်ရမှာပါပဲ။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up