ပြည်ပကပြန်လာသူများအား ခေါ်လာသည့်ကယ်ဆယ်ရေးလေယာဉ်မှ လေယာဉ်မှူးများ Quarantine ဝင်ရ

ပြည်ပက ပြန်လာသူတွေကို ခေါ်ဆောင်လာတဲ့  ကယ်ဆယ်ရေးလေယာဉ်က လေယာဉ်မှူးတွေနဲ့ လေယာဉ်မောင်မယ်တွေအနေနဲ့ လေယာဉ်မြန်မာပြည်ပြန်ဆိုက်ချိန်မှာပဲ  သူတို့နေအိမ်တွေမှာ Home Quarantine ဝင်နေကြတယ်လို့ သိရပါတယ်။ ပုံမှန်အနေနဲ့ ပြည်ပကပြန်လာသူတွေကို ခေါ်ဆောင်လာရာမှာ ပိုးတွေ့ မတွေ့ မသိရှိရသေးတာကြောင့် စိတ်ချရအောင် လေယာဉ်မောင်းတဲ့ လေယာဉ်မှူးတွေအပါအဝင် လေယာဉ်မောင်/မယ်တွေလည်း သူတို့နေအိမ်တွေမှာ Quarantine ၂၁ရက်ဝင်ဖို့ ပြောဆိုထားကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA)ကယ်ဆယ်ရေးလေယာဉ်နဲ့ ဆဋ္ဌမ အသုတ်အဖြစ် စင်ကာပူပြန်တွေကို မနေ့က ခေါ်ဆောင်လာတဲ့ လေယာဉ်က လေယာဉ်မှူး ကိုအောင်ပိုက ဒီဗွီဘီကိုပြောပါတယ်။ လေယာဉ်မှူးတွေ လေယာဉ်မောင်/မယ်တွေအနေနဲ့ ပြည်ပပြန်တွေပြန်ခေါ်လာပြီးတိုင်း ၂၁ ရက်အိမ်မှာ Quarantine နေပြီးနောက် နောက်ထပ်ကယ်ဆယ်ရေးယာဉ်နဲ့ ထပ်လိုက်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ စင်ကာပူနိုင်ငံမှာ အခက်အခဲကြုံတွေ့ နေရတဲ့ မြန်မာနိုင်ငံသား ၁၅၁ ဦးကို မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA)ကယ်ဆယ်ရေးလေယာဉ်နဲ့ ဆဋ္ဌမ အသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညနေက ရန်ကုန်လေဆိပ်သို့ ပြန်ရောက်လာတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။  မနေ့ညကဆဋ္ဌမအသုတ် အပါအဝင် စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံသား  စုစုပေါင်း ၈၃၇ ဦးကို ပြန်လည်ခေါ်ဆောင်ပေးပြီးဖြစ်တယ်လို့ လည်း နိုင်ငံခြားရေးသတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ Photo-Captain Aung Po Facebook

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up